ဖိလစ်ပိုင်နှင့် ဗင်နီဇွဲလားကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး အမှုတင်စွဲဆို

ဖိလစ်ပိုင်နှင့် ဗင်နီဇွဲလားကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး အမှုတင်စွဲဆို

သည်ဟိတ်၊ ဖေဖော်ဝါရီ ၉ ။        ။ ဖိလစ်ပိုင်နိုင်ငံက အသေအဆုံးများသော မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ပွဲနှင့် ဗင်နီဇွဲလား၏ နိုင်ငံရေးမတည်ငြိမ်မှုအတွင်း အနိုင်ကျင့်အလွဲသုံးစားကျုးလွန်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးဖြစ်သော သည်ဟိတ်တရားရုံးမှ ရှေ့နေများက အမှုစွဲဆိုစစ်ဆေးမှု စတင်လုပ်ဆောင်သည်။

အဆိုပါ နှစ်နိုင်ငံမှ အတိုက်အခံခေါင်းဆောင်များက ၎င်းတို့နိုင်ငံ၏ တတင်းမာသော အစိုးရသည် လူသားချင်းစာနာမှု မရှိသော ရာဇဝတ်မှုများကို ကျုးလွန်နေသည်ဟု စွပ်စွဲကာ သည်ဟိတ်မှ အမျိုးသမီးရှေ့နေ ဖာတို့ဖန်ဆော့ဒါထံ လျှောက်ထားလာကြရာမှ ယခုကဲ့သို့ အမှုတင်စစ်ဆေးခြင်း ဖြစ်သည်။

ယင်းနှစ်နိုင်ငံတွင်းက ဖြစ်ရပ်များကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း၊ သေချာဂရုထားပြီး လွတ်လပ်မျှတစွာ သုံးသပ်ပြီးနောက် ကြားနာစစ်ဆေးရန် တရားရုံးသို့ အမှုတင်ရေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဖန်ဆော့ဒါက ဆိုသည်။

ဖိလစ်ပိုင်နှင့် ဗင်နီဇွဲလား နှစ်နိုင်ငံစလုံးသည် သည်ဟိတ်တရားရုံး လက်ကိုင်ပြုထားသော Rome Statute ပြဌာန်းဥပဒေကို လိုက်နာရန် လက်မှတ်ရေးထိုးထားသည့် နိုင်ငံများ ဖြစ်သည်။ အဆိုပါ ပြဌာန်းဥပဒေအရ ခုံရုံးအာဏာပိုင်အဖွဲ့သည် ယင်းနိုင်ငံများအတွင်း ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိသည်။

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဒူတာတေး ရာထူးတက်လာပြီးချင်း ၂၀၁၆ ဇူလိုင် ၁ ရက်မှ စတင်ကာ မူးယစ်စစ်ပွဲ ဆင်နွှဲမှုအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ရှိနေသည် စွပ်စွဲချက်များကို သည်ဟိတ်တရားရုံးက ကြားနာစစ်ဆေးမည်ဖြစ်သည်။

ထိုပြင် ဗင်နီဇွဲလားတွင်လည်း အစိုးရဆန့်ကျင်သော ဆန္ဒပြမှုများကို အာဏာပိုင်များက တုံ့ပြန်ရာတတွင် အင်အားလွန်ကျုး သုံးစွဲခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းများကြောင့် လူသေဆုံးမှုများပြားခဲ့မှုများအပေါ်လည်း ခုံရုံးက စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly