ဦးရွှေမောင်အပြင် မောင်တောမှ အမတ်လောင်း နှစ်ဦးကို အေအင်န်ပီ အမတ်လောင်း များက ထပ်မံကန့်ကွက်မည်

ဦးရွှေမောင်အပြင် မောင်တောမှ အမတ်လောင်း နှစ်ဦးကို အေအင်န်ပီ အမတ်လောင်း များက ထပ်မံကန့်ကွက်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ ရွေးကောက်ပွဲဝင်ရန် အမည်စာရင်း တင်ထားသည့် အမတ်လောင်း နှစ်ဦးကို ရခိုင်အမျိုးသားပါတီ (ANP) မှ အမတ်လောင်းများက ထပ်မံကန့်ကွက်သွားမည်ဟု ယင်းအမတ်လောင်းများက သြဂုတ် ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု၊ မောင်တောမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံမည့် ဦးအောင်သောင်းရွှေက " ဦးရွှေမောင် အတိုင်းပဲ၊ မောင်တောကပဲ ပြိုင်မယ့် ဦးကျော်မင်းရယ်၊ အဘူဟာမန်ရယ်က နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားတဲ့သူတွေ မဟုတ်လို့ ကျွန်တော် ထပ်ကန့်ကွက်မယ်" ဟု မဇ္ဈိမကို ပြောသည်။

၎င်းတို့နှစ်ဦးအပြင် ရခိုင်ပြည်နယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ကိုယ်စားပြု အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် ၉ မှ အမတ်လောင်းအဖြစ် ဝင်ရောက်မည့် ဦးထွန်းမင်းကိုလည်း ယင်းမဲ ဆန္ဒနယ် အတွင်းပင် ANP မှ ဝင်ရောက်မည့် ဦးမောင်ကျော်ဇင် က ကန့်ကွက်မည်ဟု သိရသည်။

ဦးထွန်းမင်း(ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ အမျိုးသားလွှတ်တော် အမတ်လောင်း)၊ ဦးကျော်မင်း (ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၊ ပြည်သူ့လွှတ်တော်)နှင့် အဘူဟာမန် (တစ်သီး ပုဂ္ဂလ၊ ပြည်သူ့ လွှတ်တော်အမတ်လောင်း)တို့ကို သြဂုတ် ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် ကိုယ်စား လှယ်လောင်းအဖြစ် လာရောက်စိစစ်ခံရန် မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က အကြောင်း ကြားထားသည်ဟု ခရိုင်ဥက္ကဋ္ဌက ဦးအောင်ကျော်ညွှန့် က ပြောသည်။
ယင်းနေ့တွင်ပင် ANP ပါတီမှ ဝင်ရောက်မည့် အမတ်လောင်းများ ဖြစ်သည့် ဦးအောင်သောင်းရွှေ (ပြည်သူ့ လွှတ်တော်အမတ်လောင်း)၊ ဦးမောင်ကျော်ဇင်(အမျိုးသားလွှတ်တော်အမတ်လောင်း) များက ကန့်ကွက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ဇော်က "ကျွန်တော်တို့က အထောက်အထား အပြည့်အစုံနဲ့ တင်ခိုင်းထားတယ်။ သူတို့ကန့်ကွက်ခဲ့ရင်လည်း ကျွန်တော်တို့ကတော့ ဆက်ပြီး အယူခံဝင်မယ်၊ ဒီနေ့ပဲ ဦးကျော်မင်းတို့က ရခိုင်ကို သွားနေပါပြီ" ဟု ဆိုသည်။

မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်သည် သြဂုတ် ၁၉ ရက်တွင် ဦးရွှေမောင်ကို စိစစ် ကာ သြဂုတ်၂၂ ရက်တွင် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇(ဂ) ပါ နိုင်ငံသား မိဘနှစ်ပါးမှ မွေးသူ မဟုတ်ခြင်းဟူသည့် အချက်ဖြင့် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။

မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က "သူတို့ကို (ဦးရွှေမောင်၊ ဒေါ်ခင်ခင်လွင်) ကန့်ကွက်တဲ့သူ ရှိလို့ စိစစ်တဲ့အခါ တွေ့တဲ့အတိုင်း ပယ်ချခဲ့တာ၊ ကျန်တဲ့သူ တွေကိုတော့ ၂၅၊ ၂၆ မှာ ထပ်ပြီး စစ်မှာပါ။ စစ်တဲ့အချိန်မှာမှ ကန့်ကွက်တဲ့သူတွေက အသိပေး ကန့်ကွက်ရမယ်" ဟု မဇ္ဈိမကို ပြောသည်။

ယင်းတစ်နေ့တည်းမှာပင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ၉ မှ တစ်သီးပုဂ္ဂလ အမတ် လောင်းအဖြစ် ဝင်ရောက်ရန် စာရင်းသွင်းခဲ့သည့် ဒေါ်ခင်ခင်လွင် ကိုလည်း စိစစ်ကာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ၂၇(ဂ)ဖြင့် ပယ်ချခဲ့သေးသည်။

မောင်တောခရိုင် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးထွန်းလှစိန် က " ဦးရွှေမောင်က ၂၀၁၀ တုန်းကတော့ ပြည်ခိုင်ဖြိုးကနေ ဝင်ပြိုင်ခဲ့တာ ဟုတ်ပါတယ်။ အဲဒီတုန်းကလည်း အမျိုးသားမှတ်ပုံတင် (သုံးခေါက် ချိုး) နဲ့ဝင်တာ၊ အခုတော့ ၂၀၁၃ တုန်းက ပြင်လိုက်တဲ့ ဥပဒေကြောင့် နိုင်ငံသား မိဘနှစ်ဦး မဟုတ်လို့ ပယ်ချခံလိုက်ရတယ်လို့ သိရတယ်" ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခရိုင်အဖွဲ့ခွဲ အဆင့်ဆင့်က အမတ်လောင်းစိစစ်ရေး လုပ်ငန်းများကို သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက်ထိ ပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required