ရှေ့နေဦးကိုနီလုပ်ကြံခံရမှု သေနတ်သမားကြည်လင်း အပါအဝင် ၄ ဦးကို စွဲချက်တင်အမိန်​့ချ

ရှေ့နေဦးကိုနီလုပ်ကြံခံရမှု သေနတ်သမားကြည်လင်း အပါအဝင် ၄ ဦးကို စွဲချက်တင်အမိန်​့ချ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၉ ။             ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး သေနတ်သမားကြည်လင်း အပါအဝင် အောင်ဝင်းဇော်၊   အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို ‌ယနေ့ ဖေဖော်ဝါရီလ ၉ ရက်၊ ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် စွဲချက်တင် အမိန့်ချလိုက်သည်။

ရှေ့နေဦးကိုနီအား ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သူ ကြည်လင်းအပါအဝင် အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ ၃ ဦးကို တင်ကူး ကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)/ ၃၄ ဖြင့် စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်သည်။

သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးကို ၄၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ခရိုင်တရားသူကြီးက စွဲချက်တင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

" ဒီဟာက လူသတ်မှုကို တင်ကူးကြံရွယ်ပြီးတော့ ပူးပေါင်းကြံရွယ်တာဖြစ်တဲ့အတွက် ဒီဟာနဲ့ပတ်သက်ပြီး ပြစ်မှုထင်ရှားရင် သေဒဏ်ပါ ခင်ဗျာ "ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

အောင်ဝင်းထွန်းကို အားပေးကူညီမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၂၁၂ ဖြင့် စွဲချက်တင်အမိန့်ချခဲ့ပြီး အမှုမှ လွတ်မြောက်နေသည့် အောင်ဝင်းခိုင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၈၈ အရ တရားခံပြေးအဖြစ် အမိန့် ချလိုက်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၈၈ အရ တရားခံပြေးအဖြစ်အမိန့်ချပြီးနောက် အောင်ဝင်းခိုင်ကို အများပြည်သူ မည်သူမဆို ဖမ်းဆီးခွင့်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယာဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် ကြည်လင်းအားစွဲဆိုထားသော လက်နက်မှုနှင့် ကြည်လင်းအပါအဝင် ၄ ဦးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၃၄/၂၁၂ အတွက် တရားလိုပြသက်သေများ အားလုံးကို မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required