ဘာသာရေးချုပ်ခြယ်မှုများနှင့် ဖိနှိပ်သောအစိုးရများကို ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်

ဘာသာရေးချုပ်ခြယ်မှုများနှင့် ဖိနှိပ်သောအစိုးရများကို ဒေါ်နယ်ထရမ့် ပြစ်တင်ဝေဖန်

 

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၉ ။             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျူးဘား၊ ဗင်နီဇွဲလား၊ အီရန်နှင့် မြောက်ကိုရီးယားတို့သည် ဖိနှိပ်သော အစိုးရများဖြစ်သည်ဟု ကြာသာပတေးနေ့က   နောက်တစ်ကြိမ်ထပ်မံ၍ ပြစ်တင်ဝေဖန်ခဲ့သလို သူ၏အစိုးရအဖွဲ့ သည် ဘာသာရေးယုံကြည်မှုကြောင့် ဖိနှိပ်ခံနေရသည့် ကမ္ဘာတစ်ဝန်းမှပြည်သူများဘက်မှ ရပ်တည်နေသည် ဟု ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ထိုစကားများကို ဝါရှင်တန်၌ နှစ်စဉ်ကျင်းပနေကြဖြစ်သည့် ဘာသာရေးနှင့်နိုင်ငံရေး သဟဇာတဖြစ်ရေးအခမ်းအနား၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျူးဘားနှင့်ဗင်နီဇွဲလားတို့သည် လူ့အခွင့်အရေးများကိုချိုးဖောက်နေသည့် ကမ္ဘာ့နိုင်ငံများဖြစ်သည်ဟု ထရမ့်က ဝေဖန်နေသော်လည်း ထိုနှစ်နိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို တားမြစ်မှုကြောင့် အမေရိကန်၏အရေးယူ ပိတ်ဆို့မှုကို ရင်ဆိုင်နေရသည့်နိုင်ငံများထဲ၌ မပါဝင်ပဲ အီရန်နှင့် မြောက်ကိုရီးယားတို့သာ ပိတ်ဆို့မှုဒဏ်ကို ရင်ဆိုင်နေရသည်။

အမေရိကန်နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကျူးဘားနှင့် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ဘာသာရေးလှုပ်ရှားမှုများသည် မကြာသေးခင်နှစ်များအတွင်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ထရမ့်သည် မြောက်ကိုရီးယားပြည်ပြေးတစ်ဦးဖြစ်သော ဂျီဆွန်ဟိုနှင့်ပက်သက်၍လည်း ယင်းအခမ်းအနား၌ ပြောဆိုခဲ့သည်။ ထရမ့်သည် ဂျီဆွန်ဟိုအား လွန်ခဲ့သောအပတ်က ကွန်ဂရက်ထဲ၌ပြုလုပ်ခဲ့သည့် သူ၏ နိုင်ငံတော်အဆင့် မိန့်ခွန်းပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့သလို ဂျီဆွန်ဟိုလိုက်ပါလာသောလေယာဉ် မြောက်ကိုရီးယားမှ ထွက်ခွာလာစဉ်တွင် ငြိမ်းချမ်းပြီး လွတ်လပ်ပါစေဟု ဆုတောင်းပေးခဲ့သည်ဟု ဆိုခဲ့သည်။

ဒါ့အပြင် ဂျီဆွန်ဟိုသည် သန်းပေါင်းများစွာသော မြောက်ကိုရီးယားပြည်သူများအတွက် မျှော်လင့်ချက်သင်္ကေတ တစ်ခုဖြစ်သည်ဟုလည်း ထရမ့်က ဆိုခဲ့သည်။

ဆက်လက်ပြီး ထရမ့်က အီရတ်နှင့်ဆီးရီးယားတို့၌ ဘာသာရေးဖိနှိပ်မှုများ ကျူးလွန်ခဲ့ကြသော အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ IS တို့ သိမ်းပိုက်ထားသည့် နယ်မြေ ၁၀၀ ရာခိုင်နှုန်းခန့်ကို လွတ်မြောက်သွားအောင် အမေရိကန်ပြည်ထောင်စုဘက်မှ စွမ်းဆောင်နိုင်ခဲ့ကြောင်းကိုလည်း ဂုဏ်ယူစွာဖြင့် ပြောဆိုခဲ့သည်။

ဒါ့အပြင်ထရမ့်က “အမေရိကန်ပြည်ထောင်စုဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူများ နေထိုင်ရာနိုင်ငံ ဖြစ်ပြီး ပြည်သူများရဲ့ ဆုတောင်းပတ္တနာပြုမှုများကြောင့် အင်အားကောင်းလာခဲ့ပါပြီ” ဟုလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required