ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ဘယ်မိန်းကလေးကမှ ဗိုက်က အဆီတွေကို ကြည်ဖြူစွာ လက်ခံထားချင်မှာ မဟုတ်ပါဘူး။ ဗိုက်မှာ အဆီတွေရှိနေတာက လူကိုဝသလို ခံစားရစေနိုင်ပြီး အဝတ်အစား ဝတ်ရင်လည်း ဗိုက်ချပ်ချပ်လေး မဖြစ်လို့ မလှဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ အဆီတွေ၊ ဗိုက်ခေါက်တွေကို လက်ပြနှုတ်ဆတ်ဖို့ အချိန်တန်ပါပြီ။ တချို့တွေကတော့ ဗိုက်က အဆီတွေ ကျစေဖို့ အစားအစာ လုံးဝမစားတာမျိုး ရှိပါတယ်။ အစားမစားတဲ့ နည်းလမ်းက ကျန်းမာရေးကို ထိခိုက်စေတာမို့ အစားစားတဲ့ နည်းလမ်းလေးနဲ့ပဲ ဗိုက်က အဆီတွေကို ဖယ်ထုတ်ကြမယ်နော်။ အဆီတွေ ကျစေမယ့် ဖျော်ရည်လေးတွေ သောက်လို့ရပါတယ်။ ဘယ်လိုဖျော်ရည်တွေ ဖြစ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။

အဆီကျဖို့ဆိုရင်တော့ အမျှင်ဓါတ်များတဲ့ ဖျော်ရည်နဲ့ သကြားဓါတ်နည်းတဲ့ ဖျော်ရည်တွေကိုပဲ သောက်သုံးရမှာပါ။ ဘာလို့လဲဆိုတော့ အမျှင်ဓါတ်ကပဲ အဆီတွေကို ကျစေတာပါ။ ကိုယ်သောက်သုံးတဲ့ ဖျော်ရည်မှာ အမျှင်ဓါတ်မပါဘူးဆိုရင်တော့ သွေးတွင်းသကြားဓါတ်မြင့်တက်လာပြီး ဗိုက်ပိုဆာစေနိုင်ပါတယ်။ အမျှင်ဓါတ်ဆိုကတော့ ကယ်လိုရီတွေ မပါဝင်ဘဲ အလေးချိန်ကျစေတဲ့ ဓါတ်တစ်မျိုးပါပဲ။ ဖျော်ရည်တွေ နေ့တိုင်းမသောက်ဖြစ်ရင်တောင် ရေတော့ များများ သောက်ပေးပါ။

မုန်လာဥနီဖျော်ရည်

ပုံမှန်ဆိုရင်တော့ မုန်လာဥနီကို အသုပ်၊ တို့စရာအဖြစ်သာ စားသုံးကြပါတယ်။ အဆီကျချင်ရင်တော့ ဖျော်ရည်အဖြစ် ပြောင်းပြီး သောက်ဖို့ လိုပါတယ်နော်။ မုန်လာဥနီဖျော်ရည်က အလေးချိန်ကျစေပြီး ကယ်လိုရီ ပါဝင်မှုလည်း နည်းတဲ့အပြင် အမျှင်ဓါတ်လည်း များများ ပါဝင်ပါတယ်။ မုန်လာဥနီ ဖျော်ရည် တစ်ခွက်ဟာ ဗိုက်အဆာလည်း ခံတာမို့ တခြား ကယ်လိုရီ ပါဝင်တဲ့ အစားအစာတွေ ထပ်စားမိတော့မှာ မဟုတ်ဘူးနော်။ ဒါဆိုရင်တော့ ဗိုက်က အဆီတွေ ကျမှာပါ။ သတိထားဖို့ကတော့ သကြားတတ်နိုင်သမျှ လျှော့ထည့်ဖို့ပါပဲ။

သလဲသီးဖျော်ရည်

သလဲသီးကတော့ ရာသီစာ ဖြစ်တာမို့ အမြဲတော့ ဖျော်သောက်ဖို့က မသေချာပေမယ့် ဒီအသီးက ဗိုက်က အဆီတွေကို လျှော့ချပေးနိုင်တဲ့ အသီးတစ်မျိုးပါ။ သလဲသီးကို ဖျော်ရည်အဖြစ် သောက်သုံးလို့ ရပါတယ်။ သလဲသီးက အသားအရည်ကို ကြည်လင်စေတဲ့အပြင် အလေးချိန်လဲ ကျစေပါတယ်။ ဓါတ်တိုးဆန့်ကျင်မှုများ၊ linolenic acid များလည်း ပါဝင်တာမို့ ဇီဝဖြစ်ပျက်မှုကို ကောင်းစေပြီး ဗိုက်က အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ထပ် အကောင်းဆုံးတစ်ခုကတော့ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာမို့ ကယ်လိုရီများတဲ့ အစားအစာတွေ အများကြီး စားမိဖို့ မလွယ်ပါဘူး။

ဖရဲသီးဖျော်ရည်

ဖရဲသီးဖျော်ရည်ကတော့ တော်တော်လေး လူကြိုက်များတဲ့ ဖျော်ရည်တွေထဲက တစ်ခုပါ။ သတိပြုရမှာကတော့ ဖရဲသီးဖျော်ရည်သောက်တဲ့အခါမှာ နို့ဆီတွေ၊ သကြားတွေ အများကြီး မထည့်မိဖို့ပါပဲနော်။ ဖရဲသီး (၁၀၀) ဂရမ်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပြီး ရေဓါတ်ကို ပြည့်ဝစေပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က အဆီတွေကို လောင်ကျွမ်းစေတာမို့ ဗိုက်က အဆီတွေ၊ အခေါက်တွေကို တာတာ့ပဲနော်။

လိမ္မော်သီးဖျော်ရည်

လိမ္မော်သီးဖျော်ရည်ကတော့ ကယ်လိုရီ အနည်းဆုံးနဲ့ အမျှင်ဓါတ်အများဆုံး အသီးဖျော်ရည်တစ်မျိုးပါ။ လိမ္မော်သီးဖျော်ရည်က ကျန်းမာရေးနဲ့လည်း အရမ်းညီညွတ်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဗိုက်က အဆီတွေကို မြန်မြန်လေး နှုတ်ဆက်ချင်တယ်ဆိုရင်တော့ လိမ္မော်ဖျော်ရည်လေး သောက်ပေးနော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly