တမူးမြို့နယ် နန်းဖာလုံစျေး မီးလောင်မှု ကျပ်သိန်း ၁၇၅၀၀ ကျော် ဆုံးရှုံး

တမူးမြို့နယ် နန်းဖာလုံစျေး မီးလောင်မှု ကျပ်သိန်း ၁၇၅၀၀ ကျော် ဆုံးရှုံး
ဓာတ်ပုံ-Myanmar Fire Services Department

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ။                                  ။ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် နန်းဖာလုံဈေး မီးလောင်မှုတွင် တန်ဖိုး သိန်း ၁၇၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက မဇ္ဈိမသို့ အတည်ပြု ပြောဆိုခဲ့သည်။

"ဆိုင်ခန်းက ၅၃ ခန်း၊ နေအိမ်က ၆လုံး မီးလောင်ပျက်ဆီးသွားတယ်။ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးက သိန်း ၁၇၅၀၀ ကျော်လို့ ခန့်မှန်းထားတယ်" ဟု ဦးမြင့်နိုင်ဦးက ဆိုသည်။

ယခုမီးလောင်ကျွမ်းခဲ့သည့် နန်းဖာလုံဈေးသည် အိန္ဒိယ- မြန်မာ နယ်စပ် အဓိက ရောင်းဝယ်ဖောက်ကားရာဈေး ဖြစ်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်မှု အနည်းငယ် ထိခိုက်နိုင်ဖွယ်သော်လည်း မကြာမီ ပြန်ဖွင့်နိုင်အောင် ကြိုးစားသွားမည်ဟု ၎င်းက ဆိုသည်။

"ဈေးက ယာယီတော့ ရပ်ဆိုင်းသွားမယ့်အနေအထားရှိနေတယ်။ ဒါပေမယ့် ဈေးကို မကြာခင် ပြန်ဖွင့်နိုင်အောင် ယာယီ ဆိုင်ခန်းလေးတွေပြန်လုပ်ပေးဖို့ ရှိပါတယ်" ဟု ဦးမြင့်နိုင်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ဆယ်နာရီခန့်က အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့နယ် နန်းဖာလုံဈေး အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ရာ လေးနာရီကြာ မီးငြိမ်းသတ်ခဲ့ရသည်။

မီးလောင်ကျွမ်းမှုကြောင့် တမူးနန်းဖာလုံဈေး တောင်ဘက်တစ်ခြမ်းလုံး ပြာကျခဲ့ပြီး မြောက်ဘက်တစ်ခြမ်းသာ ကျန်ရှိခဲ့ကာ လက်ရှိအချိန်တွင် တမူးနန်းဖာလုံဈေးကို ပိတ်ထားရသည့်အခြေအနေဖြစ်နေသည်။

မီးငြိမ်းသတ်ရာတွင် မီးသတ်ကား စုစုပေါင်း ၁၁ စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး အိန္ဒိယနိုင်ငံဘက်မှ မီးသတ်ယာဉ် များလည်း လာရောက်ငြိမ်းသတ်ပေးရသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required