ဗေဒင်ဆရာအောင်ချစ်ပိုအား အမှုဖွင့်ထားကြောင်း အကြောင်းကြားထားဟု ဆို

ဗေဒင်ဆရာအောင်ချစ်ပိုအား အမှုဖွင့်ထားကြောင်း အကြောင်းကြားထားဟု ဆို
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

 

ဖေဖော်ဝါရီ ၈ ။                ။ ဗေဒင်ဆရာ အောင်ချစ်ပိုအား အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ  ယနေ့ ထုတ်ပြန် ခဲ့သော်လည်း အမှုဖွင့်ထားသည့်ကိစ္စနှင့် ပတ်သက်၍ အမှုဖွင့်ထားကြောင်း ရဲက ဖုန်းလှမ်းဆက်ထားသည် ကလွဲ၍ ထူးခြားမှုမရှိသေးကြောင်း ဗေဒင် ဆရာအောင်ချစ်ပိုက ပြောသည်။

"အဲဒါတော့ မသိသေးဘူး၊ ရဲကတော့ လှမ်းဆက် တယ်လေ၊ အဲဒါတော့ဟုတ်မှာပေါ့၊ ကေခိုင်မြင့်မြတ် အမှု ကိုင်တဲ့သူနဲ့တွေ့ပြီးပြီလေ၊ အဲဒါ အာမခံ လုပ်ပေးထားတာတော့ ရှိတယ်လေ၊ သူ ပြန်ချိန်းထားတာရှိတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး" ဟု ဗေဒင်ဆရာအောင်ချစ်ပိုက ပြောသည်။

စမ်းချောင်းမြို့မရဲစခန်းမှ (ပ)၅၄/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၅၄/၅၀၆ (ကာယိန္ဒြေပျက်စီးစေမှု/ ခြိမ်းခြောက် မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ပြီး သရုပ်ဆောင် ဒိန်းပိုပိုဒေါင်(ခ) မြတ်နိုးဦးက ယမန်နေ့က အမှုဖွင့် တိုင်ကြားထားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ရက်မမှတ်မိတွင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်နေ မ ------(၂၂)နှစ် သည် ဆယ်တန်းစာမေးပွဲ အောင်မြင်ရန်အတွက် စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဗေဒင်ဆရာ အောင်ချစ်ပို(၃၅)နှစ်၏ ဗေဒင်ဟောခန်းသို့ သူငယ်ချင်းဖြစ်သူနှင့် သွားရောက်ဗေဒင်မေးစဉ် အောင်ချစ်ပိုက ပါလာသည့် သူငယ်ချင်းအား အပြင်သို့ထွက်ခိုင်းပြီး စာမေးပွဲ အောင်မြင်ရန်နှင့် အချစ်ရေး အောင်မြင်ရန် အတွက် ဗေဒင်ဆရာကိုယ်တိုင် အဆောင်ထည့်ပေးမှ စွမ်းမည်ဟုပြောဆိုကာ မ----၏ရင်သားကြားသို့ လူနှစ်ယောက် ဖက်နေသည့် ရွှေရုပ်အဆောင်ယတြာအား ထည့်ကာ ကိုင်တွယ်ခြင်းပြုလုပ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည် မလိမ်းပါက စာမေးပွဲကျမည်ဟု အယုံသွင်းခြိမ်းခြောက်ကာ ရင်သားနှင့် မိန်းမကိုယ်အား လက်ဖြင့်ကိုင်တွယ် ဆီမန်းလိမ်းပေးကြောင်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၁၅၁၅ အချိန်တွင် မ-----က တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုအား ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်ကလည်း စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ န္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီလ ၂၉ ရက်တွင် အမှုဖွင့် တိုင်ကြားထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required