အဓမ္မပြုကျင့်ခံရသည့် အသက် ၆ နှစ်အရွယ်ကလေးငယ် ခွဲစိတ်ကုသမှုပြီးစီး

အဓမ္မပြုကျင့်ခံရသည့် အသက် ၆ နှစ်အရွယ်ကလေးငယ် ခွဲစိတ်ကုသမှုပြီးစီး
ကလေးငယ်၏ ဖခင်အား မကွေးပရဟိတအဖွဲ့မှ ဖုန်းတစ်လုံး ပေးအပ်စဉ်

 

မကွေး၊ ဖေေဖော်ဝါရီ ၈ ။                ။ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည့် မင်းလှမြို့နယ် ရေနံမကျေးရွာ တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုမှ သမီးလေး မ....သည် ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီဖြစ်ကြောင်း မကွေးပရဟိတအဖွဲ့ထံမှ သိရသည်။

“ ဒီနေ့ မနက်မှာ အစာစား၊ စကားပြောနိုင်ပါပြီ ။ ခွဲစိတ်ကုသစရိတ်တော့ မပေးရပါဘူး၊ ကျန်းမာရေး ကောင်းမွန်နေပါပြီ။ ” ဟု မကွေးပရဟိတအဖွဲ့မှ ကိုမိုးကပြောသည်။

အဆိုပါကလေးမှာ မိခင်မရှိတော့သဖြင့် ဖခင်ဖြစ်သူက သွားလေရာသို့ ခေါ်ဆောင်လေ့ရှိကြောင်း သိရပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူမှာ အသက် ၃ဝ ခန့်အရွယ် ဟိန်းမင်းဇာ(ခ) ဖိုးလက်ကောက် ဆိုသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညက မိန်းကလေးငယ်၏ ဖခင်ဖြစ်သူကို ဟိန်းမင်းဇာဆိုသူက အရက် အတူသောက်ရန် နေအိမ်သို့ခေါ်ခဲ့ပြီး ဖခင်ဖြစ်သူက အရက်မူးပြီး ဟိန်းမင်းဇာနေအိမ်တွင် အိပ်နေစဉ် ဟိန်းမင်းဇာဆိုသူက ကလေးကို အိမ်ပြန်ပို့ မည်ဟု ပြောပြီး ရွာလမ်းရှိ ဇရပ်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံတက်နေရသည့် ကလေးငယ်အား လိုအပ်သည့် ကူညီထောက်ပံ့မှုများအတွက် မကွေးတိုင်း လူမှုဝန်ထမ်း ဦးစီးဌာန၊ လူမှုဝန်ထမ်း(၃)မှ တာဝန်ရှိသူများ၊ မကွေး ၈၈ ငြိမ်း/ပွင့် (မကွေး)မှအဖွဲ့ဝင်များ၊ မကွေးပရဟိတ အဖွဲ့များက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ အမျိုးသမီးရေးရာအဖွဲ့၊လူမှုဝန်ထမ်းနှင့် ၈၈ ပွင့်လင်းအဖွဲ့အစည်းတွေကလည်းလာရောက် လိုအပ်တာတွေ ကူညီပေးကြပါတယ်၊ ခွဲစိတ်မှုအတွက်လတ်တလော သွေးစစ်တာ(၈၀၀၀)ကျပ်ပဲ ကုန်ကျသေးတယ်လို့ သိရပါတယ် ။ ဖခင်လက်ထဲမှာ(၁)သိန်းကျော် ရှိနေသေးတဲ့အတွက် အလှူရှင်များရဲ့ လှူဒါန်းငွေများကို ကျွန်တော်တို့ ထိန်းသိမ်းထားပါတယ်၊လိုအပ်မှသာ ထုတ်ပေးပြီး သမီးလေးဆေးရုံဆင်းတဲ့အခါမှသာ ဖခင်လက်ထဲ အပ်မယ်လို့ စိတ်ကူးပါတယ်၊လတ်တလော ဆက်သွယ်ရန် အဆင်ပြေစေရေးအတွက် အသုံးပြုလို့ရရန် ဖုန်းတစ်လုံးဝယ်ပေးထားခဲ့ပါတယ်” ဟု မကွေးပရဟိတအဖွဲ့မှ ကိုမိုးကပြောသည်။

သက်ငယ်မုဒိမ်းတွေအတွက် မကွေးတိုင်းမှာပြစ်မှုထင်ရှားသူကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရန် တောင်းဆိုသော လှုပ်ရှားမှုများ ပြုလုပ်သင့်ကြောင်း ကိုမိုးက ဆိုသည်။

အဆိုပါ ကျူးလွန်သူမှာ HIV ပိုးရှိသူဖြစ်သောကြောင့် ကလေးငယ်အား ရောဂါကူး၊မကူး ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly