YBS ပေါ်တွင် ခါးပိုက်နှိုက်သည့်အပြင် ဆဲဆိုရိုက်နှက်ခဲ့သော လူ ၃ ဦးအား ဖမ်းဆီးထား

YBS ပေါ်တွင် ခါးပိုက်နှိုက်သည့်အပြင် ဆဲဆိုရိုက်နှက်ခဲ့သော လူ ၃ ဦးအား ဖမ်းဆီးထား
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ ဖော်ဖော်ဝါရီလ ၈ ။              ။ YBS ၁ ပေါ်တွင် အမျိုးသမီးတစ်ဦးထံက ခါးပိုက်နှိုက်သည့်အပြင် ဆဲဆိုရိုက်နှက်ခဲ့သော လူ ၃ ဦးအား ယမန်နေ့က ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာမှ YBS ၁ ယာဉ်ဖြင့် လိုက်ပါလာသော အမျိုးသမီးတစ်ဦးထံမှ လူ ၃ ဦးက ခါးပိုက်နှိုက်သည့်အပြင် ရိုက်နှက်ဆဲဆိုခဲ့ခြင်း ဖြစ်သည်။  

အဆိုပါ အမျိုးသမီးမှာ ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်အချိန်က အဆိုပါ YBS ၁ ယာဉ် စီးနင်း လိုက်ပါစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နတ်စင်မှတ်တိုင်အရောက်တွင် ၎င်းထံမှ ငွေကျပ် ၉ ထောင် ထည့်ထားသော ပိုက်ဆံအိတ်အား လူတစ်ဦးက နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပိုက်ဆံအိတ် နှိုက်ယူခဲ့သည်ကို အမျိုးသမီးက မြင်တွေ့သဖြင့် အိတ်ကို ပြန်ပေးရန် ပြောဆိုခဲ့ရာ အဆိုပါ ပိုက်ဆံအိတ်နှိုက်ယူခဲ့သည့် သူက အမျိုးသမီအား ဦးခေါင်းအား လက်သီးဖြင့် ထိုးခဲ့သည့် အပြင် ဆဲဆိုခြင်း၊ တံတွေးဖြင့် ထွေးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လူက ထိုသို့ ပြုလုပ်ခဲ့သည့်အပြင် ၎င်းနှင့်အတူပါလာသည့် လူ ၂ ဦးကပါ အမျိုးသမီးကို ဝိုင်းဝန်းဆဲဆိုခဲ့ပြီး လက်ပါလိမ်ချိုးခဲ့ခြင်းဖြစ်သည်။ အနီးရှိ အမျိုးသားတစ်ဦးက ဝင်ရောက် ဖျန်ဖြေပေးခဲ့သော်လည်း ၎င်းကိုပါ ဆဲဆိုပြီး တံတွေးဖြင့် ထွေးခဲ့ကြောင်း သိရသည်။

ထိုကြောင့် ယာဉ်မောင်းက YBS ယာဉ်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းသို့ မောင်းဝင်ခဲ့ပြီး ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ကာ ကျူးလွန်ခဲ့သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကျူးလွန်ခဲ့သည့် အမျိုးသား ၃ ဦးမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၅ ရပ်ကွက်နေ အသက် ၃၁ နှစ် အရွယ် နေဖုန်းအောင်(ခ) ဟိန်းဇော်ဦး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ဋ ရပ်ကွက်နေ အသက် ၃၆ နှစ် အရွယ် ထက်အောင်နှင့် အသက် ၂၃ နှစ်အရွယ် ဖြိုးဝေထွန်း(ခ) ဖြိုးကြီး ဆိုသူတို့ ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ ၃ ဦးကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းတွင် (ပ)၂၈၇/ ၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၈၂/ ၃၅၄/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့နေကြောင်း သိရသည်။

၎င်းတို့ ၃ ဦးကို အမှုဖွင့်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ မှာ ခိုးမှုကို ကျူးလွန်ရန်အတွက် သေစေ ရန်ဖြစ်စေ၊ နာကျင်စေရန်ဖြစ်စေ၊ တားဆီးရန်ဖြစ်စေ ပြင်ဆင်ပြီးမှ ကျူးလွန်သော ခိုးမှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၅၄ မှာ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၂၉၄ မှာ ညစ်ညမ်း သော ပြုလုပ်မှုများ နှင့် ညစ်ညမ်းသော သီချင်းများအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် ၃ လ အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required