ရေနွေးဖြင့်ဖျော်ကာ ဖျက်ဆီးနိုင်မည့် ပလတ်စတစ်အိတ်ကို ရန်ကုန်ရှော့ပင်းမောလ်များတွင် အသုံးပြုနိုင်ရန် တိုင်းအစိုးရ စီစဉ်မည်

ရေနွေးဖြင့်ဖျော်ကာ ဖျက်ဆီးနိုင်မည့် ပလတ်စတစ်အိတ်ကို ရန်ကုန်ရှော့ပင်းမောလ်များတွင် အသုံးပြုနိုင်ရန် တိုင်းအစိုးရ စီစဉ်မည်
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

 

ဖေဖော်ဝါရီ ၈ ။            ။ သဘာဝပတ်ဝန်းကျင်အတွက် အဆင်ပြေမည့် ရေနွေးဖြင့်ဖျော်ကာ ဖျက်ဆီးနိုင်မည့် ပလတ်စတစ်အိတ်တစ်မျိုးကို ရန်ကုန်ရှိ ရှော့ပင်းမောများတွင် အသုံးပြုရန် စဉ်းစားနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

" ဒါစိတ်ဝင်စားတယ် ။ စီးတီးမတ်တို့ ရှောပင်းမောတို့မှာ ဒီပလပ်စတစ်ပဲ သုံးရမယ်လို့ ညွှန်ကြားချက် ထုတ်ရ မယ် " ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်က ရေနွေးဖြင့် ဖျော်ကာ ဖျက်ဆီးနိုင်သည့်အပြင် အဆိုပါ ပလတ်စတစ်ပျော်ဝင် ရေကိုပါ အန္တရာယ်မရှိဘဲ သောက်သုံးနိုင်သည့် ပလပ်စတစ်အိတ်တစ်မျိုးကို သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဆောင်ရွက်နေသည့် Worldview International Foundation (WIF)အဖွဲ့က  တိုင်းဝန်ကြီးချုပ် အား ပြသခဲ့ဲ့ခြင်း ဖြစ်သည်။

ယင်းပလပ်စတစ်အိတ်ကို ပီလောပီနံ ၉၉.၉ရာခိုင်နှုန်းဖြင့် ပါဝင်ပြုလုပ်ထားပြီး ဖျက်ဆီးလိုပါက ရေနွေးဖြင့် ၁ မိနစ်ခန့် ရောမွှေကာ ဖျက်ဆီးနိုင်မည် ဖြစ်ပြီး ပုံမှန်ပလတ်စတစ်အိတ်ထက် ဈေးနှုန်းကြီးမြင့် မည်ဟု သိရသည်။ ရေနွေးဖြင့်ရောပြီးသားပျော်ဝင်ရည်ကိုလည်း ပီလောပီနံဖျော်ရည်ကဲ့သို့ သောက်သုံးနိုင်မည်ဟု WIF အဖွဲ့ဘက် က ဆိုသည်။

"ဒါကပုံမှန်ပလပ်စတစ်အိတ်တွေထက်ဈေးကြီးပါတယ် ။ ဒါပေမယ့် ပုံမှန်ပလပ်စတစ်များကို ဈေးနှုန်းတင်းကြပ် လိုက်ရင် ဒီပလပ်စတစ်ကို အစားထိုးသုံးဖို့ဖြစ်နိုင်ပါတယ်"ဟု WIF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြေကြီးတွင် မပျော်ဝင်နိုင်သည့် ပလတ်စတစ်သည် သဘာဝပတ်ဝန်းကျင်အား ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ပတ်ဝန်းကျင်ဂေဟ စနစ်အား ထိခိုက်စေနိုင်သည်။

Worldview International Foundation (WIF)အဖွဲ့က ဒရုန်းနည်းပညာဖြင့် ဒီရေတောများကို စိုက်ပျိုး ထိန်းသိမ်းခြင်းကို သရုပ်ပြရန် ရန်ကုန်မြို့တိုင်းရင်းသားကျေးရွာ၌ ပြုလုပ်သည့် ဖေဖော်ဝါရီ ၈ရက်နေ့ပွဲတွင် WIFအဖွဲ့နှင့်ဦးဖြိုးမင်းသိန်းစကားပြောဆိုရာတွင် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ပြောချင်တာကတော့ ပလတ်စတစ်ကိစ္စဖြစ်ပါတယ် ။ ပလတ်စတစ်ကို အစားထိုးပြီးသုံးစွဲနိုင်ဖို့၊ ပြန်ပြီးတော့ အသုံးချနိုင်ဖို့အတွက် ၊ တခြားအသုံးချနိုင်တဲ့ပစ္စည်းတွေကိုပြန်လုပ်နိုင်ဖို့ နောက်တစ်ခုကတော့ ပလတ်စတစ်နေရာမှာ ခုနတုန်းကအိတ်မျိုးတွေကိုအစားထိုးနိုင်ဖို့အတွက် ကျွန်တော်တို့လိုလားပါတယ် ဒီအခြေအနေနဲ့ပတ်သတ်ပြီး သီးခြားထပ်မံဆွေးနွေးလိုပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ပီလောပီနံထုတ်ကုန်ပလတ်စတစ်အိတ်အား အသုံးပြုရန် တိုင်းအစိုးရမှ ညွှန်ကြားချက်ထုတ်မည်ဖြစ်ပြီး ဈေးသက်သက်သာသာနှင့် ဝယ်ယူရရှိနိုင်မှ အဆင်ပြေမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

အဆိုပါပလပ်စတစ်အိတ်ကို အင်ဒိုနီးရှားနိုင်ငံမှ Indosole ကုမ္ပဏီကထုတ်လုပ်နေပြီး ဝယ်ယူသူများသည့် အတွက် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် မထုတ်နိုင်သေးကြောင်း သိရပြီး၂၀၀၉ ခုနှစ်တွင် Indosole ကုမ္ပဏီသည် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများမှ ဖိနပ်၊ ဦးထုတ်များကို ထုတ်လုပ်ရောင်းချနေသည်။

Indosole ၏ ထုတ်ကုန်များကို Indosole ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်၊ နာမည်ကျော် အရောင်းဝက်ဘ်ဆိုက်များ ဖြစ်သည့် e Bay နှင့် Amazon တို့တွင် ဖိနပ်၊ ဦးထုပ်များနှင့် တခြားသော ပြန်လည်အသုံးပြုနိုင်သည့်အိတ် (Recycle Bag) များကို ရောင်းချနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required