HIV ပိုးရှိသူက အသက် ၆ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှု ဖြစ်ပွား

HIV ပိုးရှိသူက အသက် ၆ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှု ဖြစ်ပွား
ဓာတ်ပုံ-ရေနံမနယ်မြေရဲတပ်ဖွဲ့

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈ ။               ။ HIV ပိုးရှိသူက အသက်၆ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်မှုတစ်ခု မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေနံမကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူမှာ အသက် ၃ဝ ခန့်အရွယ် ဟိန်းမင်းဇာ(ခ) ဖိုးလက်ကောက် ဆိုသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညက မိန်းကလေးငယ်၏ ဖခင်ဖြစ်သူကို ဟိန်းမင်းဇာဆိုသူက အရက် အတူသောက်ရန် နေအိမ်သို့ခေါ်ခဲ့ပြီး အရက်အတူသောက်ခဲ့ပြီးနောက် ဟိန်းမင်းဇာနေအိမ်တွင် အိပ်ခဲ့ကြောင်း သိရသည်။ မိန်းကလေးငယ်မှာ မိခင်မရှိတော့သည့်အတွက် ဖခင်ဖြစ်သူက သွားသည့် နေရာတိုင်းခေါ်သွားလေ့ရှိကြောင်း သိရသည်။

ဖခင်ဖြစ်သူက အရက်မူးပြီး ဟိန်းမင်းဇာနေအိမ်တွင် အိပ်နေစဉ် ဟိန်းမင်းဇာဆိုသူက ကလေးကို အိမ်ပြန်ပို့ မည်ဟု ပြောပြီး ရွာလမ်းရှိ ဇရပ်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟိုလူက HIV ပိုးရှိတယ်လို့ ပြောတယ်ဗျ။ တရားခံကလေ။ HIV ပိုးရှိတဲ့အခါကျတော့ မထူးစိတ်ဝင်ပြီး လုပ်တာဖြစ်လောက်တယ်ဗျ။ နောက်တစ်ခုရှိတာကလည်း တိုင်းရင်းဆေးတွေ၊ ဘာတွေမှာ တချို့ ဟာတွေမှာ ရေးထားတာတွေရှိတယ်လေ။ လိင်နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ယောင်္ကျား တွေမှာဖြစ်ရင် အဲ့ဒီလို အပျိုစင်တို့၊ ဘာတို့နဲ့ ဆက်ဆံရင်ပျောက်တယ်ဆိုတဲ့ အသိလေးတွေ တချို့ဝင်နေတာ တွေရှိတယ်ဗျ။ အဲ့ဒါမျိုးနဲ့ သူလုပ်သွားတာ ဖြစ်ကောင်းဖြစ်မယ်ပေါ့ဗျ။ ဒါ ကျွန်တော်အယူအဆကို ပြောတာနော်။ နောက် သူ့အဖေက သမီးကို ခေါ်ပြီး အဲ့ဒီအိမ်မှာ အရက်သွားသောက်ရာကနေဖြစ်သွားတာဆိုတော့ ဖခင်အိပ်နေတဲ့အချိန်မှာ ဟိုလူက ကျူးလွန်ခဲ့တယ်လို့ သိရတာပေါ့။ အဓိကတော့ မူးလို့ မူးယစ်ဆေးဝါးကြောင့် ဖြစ်ကြတာလိုပေါ့ဗျာ”ဟု မင်းလှမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက ပြောသည်။

အဆိုပါ ကလေးငယ်မှာ ယခုလက်ရှိတွင် ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရပြီး ခွဲစိပ်ကုသရမည့် အခြေအနေရှိကြောင်း သိရသည်။

အသက် ၃ဝ ခန့်အရွယ် ဟိန်းမင်းဇာ(ခ) ဖိုးလက်ကောက် ဆိုသူကို  ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖခင်ဖြစ်သူ တရားလိုပြုလုပ်တိုင်ကြားချက်အရ  ရေနံမနယ်မြေရဲစခန်းတွင် (ပ)၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ် ဖြစ် စေ၊ ၁ဝ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required