နေပြည်တော်တွင် ပညာရပ်ပေါင်းစုံ သင်ကြားပေးမည့် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေ

နေပြည်တော်တွင် ပညာရပ်ပေါင်းစုံ သင်ကြားပေးမည့် တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ။              ။ ပညာဝန်ရေးဝန်ကြီးဌာန အနေဖြင့် နေပြည်တော်တွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီမည့် ပြီးပြည့်စုံ သည့်(Comprehensive University) တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ဖေဖော်ဝါရီလ ၇ ရက် ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

“နေပြည်တော် ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများ နှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူ လိုကြသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူရေးကို အထောက် အကူဖြစ်စေရန် အတတ်ပညာ ပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ ၊ အသက်မွေးဝမ်းကျောင်းပညာပေါင်းစုံ၊ လုပ်ငန်းခွင် အတတ်ပညာ ပေါင်းစုံ အစရှိသဖြင့် ဒေသ၏ လိုအပ်ချက်ကို ကိုက်ညီ ဖြည့်စည်းပေးနိုင်မယ့် (Comprehensive University)တစ်ခုကို ဖွင့်လှစ်ရန် အစီစဉ် ရှိပါတယ်” ဟု လွှတ်တော်သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၇ ရက်နေ့ က ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှ မေးမြန်းခဲ့သည့် ပြည်ထောင်စု အဆင့် နေပြည်တော်မြို့ တွင် အဆင့်မြင့် တက္ကသိုလ် တစ်ခုကို နိုင်ငံ၏ လိုအပ်ချက် ၊ မြို့တော်အင်္ဂါ၏ လိုအပ်ချက် နှင့် ပညာရေးဝန်ကြီးဌာန ၏ လိုအပ်ချက် အားလျော်စွာ ဖွင့် လှစ်တည်ထောင်ပေးရန် အစီစဉ်ရှိ/မရှိ ဆိုသည့် မေးခွန်းအပေါ်တွင် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တက္ကသိုလ်ဆောက်လုပ်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးလွယ်ကူကောင်းမွန်ပြီး မြေနေရာ အကျယ်အဝန်းရှိမည့် နေရာကို နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ထိုသို့ မြေနေရာ သတ်မှတ်ပြီးပါက ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ ခွင့်ပြုချက် ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လိုအပ်သော ဘဏ္ဍာငွေကို တွက်ချက် တင်ပြသွားမည်ဖြစ်ကာ ဘဏ္ဍာငွေ ခွင့်ပြုချက်ရသည့် အချိန်မှ စ၍တက္ကသိုလ်ထူထောင်ရေး လုပန်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဟု သိရသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ်ပေါင်း(၈)မြို့နယ်ရှိပြီး လူဦးရေ ဆယ်သိန်းကျော် နေထိုင်လျက် ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဟူ၍ တက္ကသိုလ် ၃ ခု သာရှိသည်။

နေပြည်တော်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ဒေသခံ ကျောင်းသား၊ ကျောင်းသူအများစုမှာ အနီးဆုံး တက္ကသိုလ်များ ဖြစ် သည့် ကျောက်ဆည်၊ ရမည်းသင်း၊မိတ္ထီလာနှင့် မန္တလေးမြို့များတွင် သွားရောက်ပြီး ပညာသင်ကြားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly