ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများတွင် Media ခန်းသုံးပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးရန် ရန်ပုံငွေတောင်းခံထား

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများတွင် Media ခန်းသုံးပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးရန် ရန်ပုံငွေတောင်းခံထား
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ။                 ။  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလယ်တန်းကျောင်း ၊ အထက်တန်းကျောင်း(ခွဲ)များနှင့် အထက်တန်းကျောင်းများတွင် ရှိသော Media ခန်းများတွင် ပစ္စည်းများ ဖြည့်တင်းရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေတောင်းခံထားသည်ဟု ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လွှတ်တော်၌ ဖြေဆိုခဲ့သည်။

 "အထက်တန်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်း၊ အလယ်တန်း ကျောင်း(ခွဲ)နှင့် မူလတန်းလွန်ကျောင်းများတွင် ၂၀၁၄ -၂၀၁၅ ပညာသင်နှစ်အထိ Computer (၁)စုံစီ ဖြည့်ဆည်းပေးခဲ့ ပြီး လိုအပ်သော Media ခန်းသုံးပစ္စည်းများ ထပ်မံဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ငွေလုံးငွေရင်း ရန်ပုံငွေမှ တင်ပြတောင်းခံလျက် ရှိပါတယ်" ဟု ဦးနိုင်ငံလင်းက ပြန်လည်ဖြေဆိုခဲ့သည်။

 ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် "ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များနှင့် အထက်တန်းကျောင်းများတွင် ရှိသော Media ခန်းများတွင် ကျောင်းသားများ သင်ကြား နိုင်ရန်လိုအပ်သော Media ဆရာ၊ ဆရာမများနှင့် Media ပစ္စည်းများ အပြည့်အစုံ ဖြည့်ဆည်းပေးရန်အတွက် မည်ကဲ့သို့သောအစီအမံများဖြင့် လုပ်ဆောင် ပေးမည်ကိုသိရှိလိုကြောင်း” တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦး၏ မေးမြန်းမှုကို ဦးနိုင်ငံလင်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အခြေခံပညာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး)လက်အောက်တွင် အထက်တန်းကျောင်း ၂၄၃ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၃၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၇၃ ကျောင်း စုစုပေါင်း ၅၄၉ ကျောင်း ရှိနေပြီး မာလ်တီမီဒီယာသင်ကြားပေးနိုင်သည့် PGDMA ဘွဲ့ရ ဆရာ/ဆရာမများအား ခန့်ထားရန် ၄၉၉ ဦး ခွင့်ပြုကြောင်း ဦးနိုင်ငံလင်း၏ ဖြေဆိုချက်အရ သိရသည်။

သို့သော်လည်း ၂၀၁၇ ဒီဇင်ဘာလချုပ်စာရင်းအရ ခန့်ထားသည့် ဦးရေမှာ ၄၅၄ ဦးရှိနေပြီး Media ခန်းတွင်း သင်ကြားနိုင်မည့် ဆရာ/ဆရာမများသည် ရန်ကုန်တိုင်းအတွင်း၌ ၉၅ ဦး လစ်လပ်နေကာ ယင်းလစ်လပ်နေရာများကြောင့် ကျောင်းသား ကျောင်းသူများအား သင်ကြားပေးရာတွင် အထောက်အကူဖြစ်စေရန် ဆရာ/ဆရာမများအား နွေရာသီ ကျောင်းပိတ်ရက်များ၌  ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား)နှင့် ကွန်ပျူတာ တက္ကသိုလ် (ဗဟန်း)တို့တွင် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့သည်ဟု ဦးနိုင်ငံလင်းကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly