ဗေဒင်ဆရာအောင်ချစ်ပိုကို သရုပ်ဆောင်ဒိန်းပိုပိုဒေါင်က ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

ဗေဒင်ဆရာအောင်ချစ်ပိုကို သရုပ်ဆောင်ဒိန်းပိုပိုဒေါင်က ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

 ဖေဖော်ဝါရီ ၇ ။           ။  ဗေဒင်ဆရာအောင်ချစ်ပိုကို သရုပ်ဆောင်ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်(ခ)မမြတ်နိုးဦးက ပုဒ်မ ၂ ခုဖြင့် ယနေ့ အမှုဖွင့်ခဲ့ရာ မိန်းမ၏ ကာယိန္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မဖြင့် ဗေဒင်ဆရာအောင်ချစ်ပိုကို အမှုဖွင့်သူ ၂ ဦးအထိ ရှိလာသည်။

 ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမြို့မရဲစခန်းတွင် ပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ရန် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး စမ်းချောင်း ရဲစခန်းမှ အမှုလက်ခံခဲ့ကြောင်း သိရသည်။

 ယနေ့ မွန်းလွဲပိုင်းတွင် စမ်းချောင်းရဲစခန်းမှ ပြစ်မှုနံပတ် ၅၄/၂၀၁၈ ဖြင့် အမှုလက်ခံလိုက်သည်။ ပုဒ်မ ၃၅၄ သည် ကာယိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှုဖြစ်ပြီး ပုဒ်မ ၅၀၆ သည် ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ဖြစ်သည်။

၂၀၁၃ ခုနှစ်က ဗေဒင်ဆရာအောင်ချစ်ပိုထံ ဗေဒင်သွားရောက်မေးမြန်းရာမှ ယင်းသို့ကျူးလွန်ခံခဲ့ရသည်ဟု မမြတ်နိုးဦးက မဇ္ဈိမသို့ ဖေဖော်ဝါရီလ ၇ ရက်တွင် ပြောသည်။

 ယနေ့ မမြတ်နိုးဦးအမှုဖွင့်ရန်တိုင်ကြားရာတွင် အကျူးလွန်ခံရသည်ဆိုသော မိန်းကလေးငယ် ၆ ဦးကလည်း လိုက်ပါ ဝန်းရံခဲ့ကြပြီး အဆိုပါဗေဒင်ဆရာက ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခံရသူ Phyo Wai Win အကောင့်ပိုင်ရှင် လည်း လိုက်ပါဝန်းရံခဲ့ကြောင်း တွေ့ရသည်။

 ကေခိုင်မြင့်မြတ်အကောင့်ပိုင်ရှင်ကလည်း စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း၊ ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသူ ဗေဒင်ဆရာ အောင်ချစ်ပိုအား စမ်းချောင်းမြို့မရဲစခန်းတွင် မိန်းမ၏ ကာယိ န္ဒြေပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၄ ဖြင့် ဇန်နဝါရီလ ၂၉ ရက်တွင် အမှုဖွင့် တိုင်ကြားထားသေးသည်။

 ဗေဒင်ဆရာအောင်ချစ်ပိုကမူ စွပ်စွဲမှုအားလုံးကို ငြင်းဆိုထားပြီး မနာလိုသူများက တိုက်ခိုင်းခြင်းသာဖြစ်သည်ဟု ပြောထားသည်။

 ထို့ပြင် ဗေဒင်ဆရာ အောင်ချစ်ပိုက ဇန်နဝါရီလ ၂၇ ရက်တွင် Phyo Wai Win အကောင့်ပိုင်ရှင်နှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကေခိုင်မြင့်မြတ်အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် စမ်းချောင်းမြို့မရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၆ မှာ ရာဇဝတ်မကင်းသော ခြောက်လန့်မှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၅၄ မှာ မိန်းမ၏ ကာယိန္ဒြေကို ပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း အတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required