ရန်ကုန်တိုင်းတစ်ခုလုံးတွင် ကာရာအိုကေ (KTV) လုပ်ငန်း ၃၀၀ ကျော်ရှိ

ရန်ကုန်တိုင်းတစ်ခုလုံးတွင် ကာရာအိုကေ (KTV) လုပ်ငန်း ၃၀၀ ကျော်ရှိ
ဓာတ်ပုံ - နော်ပန်းသဉ္ဇာမျိုး facebook

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။               ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ KTV( ကာရာအိုကေ) လုပ်ငန်းပေါင်း ၃၂၆ ခု ကို လိုင်စင်ချထားပေးခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော်၌ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်း (၁.၂.၂၀၁၈) ခုနှစ်အထိ ခွင့်ပြုထားတဲ့ ကာရာအိုကေလုပ်ငန်းလိုင်စင်ပေါင်းဟာ ၃၂၆ ခု ရှိပြီး အရှေ့ပိုင်းခရိုင်မှာ ၁၁၆ ခု၊ အနောက်ပိုင်းခရိုင် ၁၁၂ ခုရှိပြီးတော့ မြောက်ပိုင်းခရိုင် ၇၈ ခု ၊ တောင်ပိုင်းခရိုင် ၂၀ ခု ဖြစ်ပါတယ်" ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ကျောက်တံတားမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ "ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားသော ကာရာအိုကေ လုပ်ငန်းပေါင်း မည်မျှရှိပါသနည်း။ လုပ်ငန်းလိုင်စင်ခွန်အား မည်မျှသတ်မှတ်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အခွန်မည်မျှရရှိခဲ့သနည်း" ဆိုသည့် မေးခွန်းကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကာရာအိုကေလုပ်ငန်းလိုင်စင်အသစ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ခြင်းများမှ ဝင်ငွေစုစုပေါင်း ကျပ် ၄၁ ဒဿမ ၁ သန်း ပေးသွင်းထားပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ကာရာအိုကေလုပ်ငန်းများမှ ကျပ် ၅၄ ဒဿမ ၈ သန်းခန့် ပေးသွင်းနိုင်မည်ဖြစ်ပါတယ်" ဟု ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

လုပ်ငန်းလိုင်စင်ကြေးအဖြစ် ကာရာအိုကေစက်တစ်လုံးလျှင် မြန်မာကျပ်ငွေ သုံးသောင်းကောက်ခံပြီး သက်တမ်းတိုးမြှင့်ခ အဖြစ် စက်တစ်လုံးလျှင် ကျပ်ငွေနှစ်သောင်း ကောက်ခံကြောင်း၊ လုပ်ငန်းလိုင်စင်သက်တမ်းသည် စတင် ထုတ်ပေးသည့် နေ့မှ တစ်နှစ်တိတိသက်တမ်းရှိသည် ဟု နော်ပန်းသဉ္ဇာမျိုး၏ ဖြေဆိုချက်အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly