အသက် ၄ နှစ်အရွယ်် ကလေးငယ်ကို ဦးလေးအရင်းက အဓမ္မပြုကျင့်

အသက် ၄ နှစ်အရွယ်် ကလေးငယ်ကို ဦးလေးအရင်းက အဓမ္မပြုကျင့်
ဓာတ်ပုံ-Min Thu Wai

ရန်ကုန်၊ ဖေဖော်ဝါရီလ ၇ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ၃ ရပ်ကွက်နေ အသက် ၄ နှစ်အရွယ် ကလေးငယ်အား ဦးလေး အရင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် လူဇော်(ခ) ဆန်နီက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်နေ ကလေးငယ်၏ မိခင်ဖြစ်သူက အဝတ်လျှော်ရန်အတွက် နေအိမ်မှ သွားနေစဉ် သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် ကလေးငယ်အား ဖခင်ဖြစ်သူနှင့် ထားခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူက နေအိမ်သို့ ပြန်ရောက်စဉ်တွင် ကလေးအား မတွေ့ရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ တွေ့ရှိခြင်း မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသို့ ကလေးငယ်အား ရှာဖွေနေစဉ် မိခင်ဖြစ်သူအား တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 ကလေးငယ်ကို ၎င်း၏ ဦးလေးဖြစ်သူ လူဇော်(ခ)ဆန်နီဆိုသူက မေတ္တာညွန့်ရပ်ကွက်၊ သံလမ်းဘေး၊ ကန်ဇွန်း ခင်း ၂ ခုကြားရှိ ဇီးပင်အောက် ကျူတောအတွင်းခေါ်ဆောင်ကာ အဓမ္မပြုကျင့်နေစဉ် ရပ်ကွက်နေပြည်သူများက ဖမ်းဆီးထိန်းသိမ်းထားကြောင်း အုပ်ချုပ်ရေးမှူးရုံးက မိခင်ဖြစ်သူကို ပြောဆိုခဲ့သည်ဟု သိရသည်။

မိခင်ဖြစ်သူက အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး သမီးဖြစ်သူကို မေးမြန်းခဲ့ရာ ကလေးငယ်မှာ ကြောက်လန့် နေ၍ မေးမြန်းမရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေးကို တွေ့ရှိစဉ်က ခန္ဓာကိုယ်အား စစ်ဆေးမှုပြုလုပ်ခဲ့ရာ ကလေး၏ ဘောင်းဘီတိုမှာ သွေးများစွန်းပေနေ သည့်အပြင် အမျိုးသမီးအင်္ဂါယောင်ရမ်းနေကြောင်း တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

“ ဒါတွေက ကလေးကို တွေ့ရှိတဲ့အချိန်က စစ်ဆေးတွေ့ရှိခဲ့တာတွေပါ။ ကျူးလွန်သူကိုလည်း ဖမ်းမိထားပါတယ်။ ကလေးရဲ့ မိခင်တိုင်ကြားချက်အရ ကျွန်တော်တို့ အမှုဖွင့်စစ်ဆေးနေပါတယ် ”ဟု အဆိုပါ ရဲအရာရှိက ပြော သည်။

လက်ရှိတွင် တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးရမိခဲ့သည့် အသက် ၃၃ နှစ်အရွယ် လူဇော်(ခ) ဆန်နီဆိုသူကို (ပ)၁၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ- ၃၇၆ မှာ မုဒိမ်းမှုအတွက် ပုဒ်မဖြစ်ပြီး မုဒိမ်းမှုကျူးလွန်သူကို အမြင့်ဆုံး တသက်တကျွန်းပြစ်ဒဏ်ထိ ချမှတ်နိုင်သည်။

 ရာဇသတ်ကြီးပုဒ်မ- ၃၆၃ မှာ လူခိုးမှုအတွက် ပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly