မကွေး၊ ဖေဖော်ဝါရီ ၇ ။ ။ မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင် တစ်ဦးအား အောက်စက်တော်ရာဘုရားအနီး ပျံကျဈေးသည်တစ်ဦးက ရာဇသတ်ကြီး ပုဒ်မ၃၅၄/၂၉၄အရ အမှုဖွင့် အရေးယူထားကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၆ရက်နေ့က စကုနယ်မြေရဲစခန်းမှ သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ဂေါပကအဖွဲ့ဝင် တစ်ဦးအား အမှုဖွင့်ခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်က အောက်စက်တော်ရာဘုရားအနီး နဂါးရုံဘုရားဘေးနားရှိ ပျံကျဆိုင်တွင် မှိုခြောက် မျှစ်ခြောက် ရောင်းချသူ မင်းဘူးမြို့နယ် နေသူ အသက် ၃၀နှစ်ခန့်ရှိ မခင်နှင်းသူ ရှိနေစဉ် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင် ဦးအုန်းလှိုင် အသက် ၄၅နှစ် ငဖဲမြို့နယ် ဦးဆောင်သော ဂေါပကအဖွဲ့ဝင်များ ကားဖြင့် ရောက်ရှိလာပြီး ဦးအုန်းလှိုင်က အဆိုပါနေရာရှိ ဈေးဆိုင်များ အကုန်လုံး ဖယ်ပေးရန် ပြောဆိုဓါတ်ပုံများ ရိုက်ယူနေစဉ် အခင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဂေါပကအဖွဲ့ဝင် ဦးအုန်းလှိုင်နောက်မှ ပါလာသော ဂေါပကများက မခင်နှင်းသူ၏ဆိုင်နှင့် အခြားဆိုင်များမှ ပစ္စည်းများအား သိမ်းယူ၍ ကားပေါ်တင်ရန် ပြုလုပ်နေစဉ် မခင်နှင်းသူနှင့်ဆိုင်နီးချင်းများက ပစ္စည်းများ မသိမ်းရန် ဝိုင်းဝန်းတောင်းပန်ပြီး မခင်နှင်းသူက မှတ်တမ်းဓါတ်ပုံရိုက်ရန် ပြုလုပ်ရာ ဦးအုန်းလှိုင်မှ မခင်နှင်းသူ၏ လက်ကိုဆွဲပြီး ဖုန်းကို ပုတ်ချခဲ့၍ ကိုယ်ထိလက်ရောက် မလုပ်ရန်၊ လက်မပါရန် မခင်နှင်းသူက ပြောဆိုရာ ဦးအုန်းလှိုင်က ညစ်ညမ်းစွာ ဆဲဆိုကာ ကားအားမောင်းနှင် ထွက်သွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ဈေးရောင်းသူ မခင်နှင်းသူက တရားလို ပြုလုပ် တိုင်တန်းခဲ့ကြောင်း စကုမြို့နယ်နယ်မြေရဲစခန်းမှ သိသည်။
စကုမြို့နယ်နယ်မြေရဲစခန်းမှ ဂေါပကအဖွဲ့ဝင် ဦးအုန်းလှိုင်အား (ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီး
ပုဒ်မ ၃၅၄/၂၉၄အရ အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် တင်စိုးလွင်က စစ်ဆေး၍ တရားခံဟု ယူဆသူအား အမြန်ဖမ်းဆီး တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စကုမြို့နယ် နယ်မြေရဲစခန်းမှ သိရသည်။