ပြံုချမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား၌ ဖျော်ဖြေကြမည့် CL နှင့် EXO

ပြံုချမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား၌ ဖျော်ဖြေကြမည့် CL နှင့် EXO

တောင်ကိုရီးယား၌ ကျင်းပမည့် ၂၀၁၈ ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနား၌ နာမည်ကျော် အဆိုတော်မလေး CL နှင့် အမျိုးသားဂီတအဖွဲ့ EXO တို့က ဖျော်ဖြေသွားမည်ဟု သိရသည်။

ဖေဖေါ်လ ၅ ရက်နေ့တွင် ပေါ်ထွက်လာသောသတင်းများအရ EXO အဖွဲ့နှင့် CL တို့သည် ပြုံချမ်းအိုလံပစ် အားကစားကွင်း၌ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ပိတ်ပွဲအခမ်းအနားတွင် သီချင်းများနှင့် သီဆို ဖျော်ဖြေသွားမည်ဟုသိရပြီး အဆိုပါသတင်းကို SM Entertainment က အတည်ပြုပေးခဲ့သည်။

ကေပေါ့ပ်ဂီတလောကအပေါ် ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားနေသည်နှင့်အမျှ အိုလံပစ်ပိတ်ပွဲအခမ်းအနား၌ မည်သည့်အဆိုတော်နှင့်အဖွဲ့အား ဖျော်ဖြေခွင့်ပေးမည်ကို သေချာဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

EXO အဖွဲ့သည် ကိုရီးယားနိုင်ငံအား ကိုယ်စားပြု၍ ကမ္ဘာတစ်ဝန်း၌ကျင်းပခဲ့သော အခမ်းအနားအများအပြားသို့ တက်ရောက်ခဲ့ဖူးပြီး အဖွဲ့ဝင်ဖြစ်သူ Baekhyun ကလည်း နိုင်ငံတကာအိုလံပစ်ကော်မတီ ညီလာခံဖွင့်ပွဲ၌ နိုင်ငံတော်သီချင်းကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့က သီဆိုပေးခဲ့ဖူးသည်။ ဒါ့အပြင် EXO အဖွဲ့သည် ၂၀၁၄ အင်ချွန်း အာရှအားကစားပြိုင်ပွဲဖွင့်ပွဲ၌လည်း သီဆိုဖျော်ဖြေခဲ့ဖူးသည့် အတွေ့အကြုံရရှိထားသည်။

CL ကလည်း ၂၀၀၉ ခုနှစ်ကတည်းကစတင်၍ အမျိုးသမီးဂီတအဖွဲ့ 2NE1 နှင့်အတူ ကမ္ဘာတစ်ဝန်းလူသိများ လာခဲ့ပြီး ယခုအခါတွင် သူမ၏အနုပညာနှင့် အမေရိကန်ဂီတလောကထဲအထိ ဝင်ရောက်နိုင်ရန် ကြိုးစားလျက် ရှိသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required