ရှားပါး မြစ်တွေးငှက် မြန်မာတွင် အကောင်ရေ တစ်ရာကျော်ကျန်ရှိပြီး ဂရုစိုက်ထိန်းသိမ်းရန်လို

ရှားပါး မြစ်တွေးငှက် မြန်မာတွင် အကောင်ရေ တစ်ရာကျော်ကျန်ရှိပြီး ဂရုစိုက်ထိန်းသိမ်းရန်လို
ဓာတ်ပုံ-WCS Myanmar

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ရက် ။          ။ ကမ္ဘာနိုင်ငံများတွင်ရှားပါးလာသည့် မြစ်တွေးငှက်(River Tern)သည် မြန်မာနိုင်ငံတွင် ၂၀၁၇ခုနှစ်စာရင်းအရ အကောင်ရေ တစ်ရာကျော်ကျန်ရှိနေပြီး စိုးရိမ်ရသည့်အခြေအနေဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးမြန်မာနိုင်ငံအစီစဉ်(WCS)မှ မြစ်တွေးငှက်(River Tern) ထိန်းသိမ်းရေးဆောင်ရွက်နေသည့် ကိုနိုင်လင်းက မဇ္ဈိမကို ပြောသည်။

ဒေသခံများက မြစ်တွေးငှက်ကို စင်ရော်ငှက် အဖြစ် မြင်ကြ၊ ခေါ်ဝေါ်ကြပြီး စင်ရော်ငှက်မှာ ဆောင်းခိုငှက်ဖြစ်သည့်အပြင် အကောင်အရွယ်အစားပိုကြီးခြင်း၊ နှုတ်သီးလုံးဝန်းခြင်း ၊ ပြမူနေထိုင်မှုများစသည်တို့မှာ မြစ်တွေးငှက်နှင့် မတူညီကြောင်း မြစ်တွေးငှက်သည် ဒေသငှက်အမျိုးအစားဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"အနီးစပ်ဆုံးကမ္ဘောဒီးယားနဲ့ယှဉ်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံကများသေးတာပေါ့နော်။ ကမ္ဘောဒီးယားမှာက ဆယ်ဂဏာန်းလောက်ပဲရှိတော့တယ် ။ အိန္ဒိယနဲ့ယှဉ်မယ်ဆိုရင်တော့ အိန္ဒိယက အများကြီးရှိသေးတာပေါ့။ ဒါပေမယ့် အကောင်ရေဘယ်လောက်ရှိတယ်ဆိုပြီး ထုတ်ပြန်ထားတာမတွေ့ရသေးဘူးပေါ့နော်"ဟု ကိုနိုင်လင်းက ပြောပြသည်။

မြစ်တွေးငှက်(River Tern)များသည့် ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် နေထိုင်လေ့ရှိပြီး ရေချို၊ ရေငံစပ်သည့် ဒေသများတွင်လည်း ရေနည်းချိန်များ၌ တစ်ခါတစ်ရံတွေ့ရလေ့ရှိသည်ဟု ကိုနိုင်လင်းက ဆိုသည်။

၂၀၁၇ သုတေသနပြလုပ်ချက်များအရ ၎င်းတို့ အဓိက ကျက်စားသော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်ခုပေါင်းတွင် အနည်းဆုံး အကောင်ရေ ၁၀၀ ကျော်သာ ကျန်ရှိတော့သည်။

သဲသောင်းကုန်းများပေါ်တွင် ၎င်းတို့က မိတ်လိုက်မျိုးပွားလေ့ရှိပြီး တစ်ကြိမ်လျှင် သုံးကောင်ပေါက်ဖွားနိုင်သည်ဟု ကိုနိုင်လင်းကပြောသည်။

"ကျွန်တော်တို့နိုင်ငံမှာဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရပေါ့ သူက Near Present ဆိုတော့ တအားကြီးရှားပါးမှုမမြင့်ပေမယ့် ကျွန်တော်တို့နိုင်ငံ အနေအထားနဲ့ ကြည့်မယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာမှ တစ်ရာကျော်ပေါ့နော်။ အနည်းဆုံးတစ်ရာပေါ့ တစ်ရာကျော်လောက်ပဲရှိတယ်ဆိုတော့ စိုးရိမ်ရတဲ့အနေအထားပေါ့။ ဒီအချိန်မှာတော့ကျွန်တော်တို့က ဒီကောင်တွေ ပိုပြီးပွားများလာအောင် အားလုံးပူးပေါင်းထိန်းသိမ်းသင့်တယ်"ဟု သားငှက်ထိန်းသိမ်းရေးမြန်မာနိုင်ငံအစီစဉ်(WCS)မှ မြစ်တွေးငှက်(River Tern)ထိန်းသိမ်းရေးဆောင်ရွက်နေသည့် ကိုနိုင်လင်းက ပြောသည်။

မြစ်တွေးငှက်(River Tern)များကို ပျောက်ကွယ်စေရန် ခြိမ်းခြောက်နိုင်သည့်အချက် သုံးချက်ရှိပြီး ပထမအချက်အနေဖြင့် သောင်ပေါ်တွင်အသိုက်ဆောက်ရာ၌ သိန်းငှက်၊ ကျီးကန်း စသည်တို့မှစားသောက်ခြင်း၊ ကျွဲ၊ နွားများမှ နင်းမိခြင်း၊ ခွေး၊ ကြောင်များမှ စားသောက်ခြင်း၊ ဒုတိယအချက်အနေဖြင့် အသိုက်ဆောက်ရာဒေသများတွင် ရွှေကျင်ခြင်း၊ ၎င်းတို့နေထိုင်ရာသောင်ပြင်များတွင် လူများအခြေချနေထိုင်ခြင်း၊ သောင်ပြင်များတွင် စိုက်ပျိုးမြေများဖြစ်ထွန်းလာခြင်း၊ တတိယအချက်အနေဖြင့် ရာသီဥတုဖောက်ပြန်လာခြင်း၊ ရေကြီး၍သောင်ပြင်များ အသိုက်များနစ်မြုပ်ရခြင်းတို့ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly