ဒီပို့တီဗိုအသင်းနည်းပြအဖြစ် ဆီးဒေါ့ဖ်ခန့်အပ်ခံရ

ဒီပို့တီဗိုအသင်းနည်းပြအဖြစ် ဆီးဒေါ့ဖ်ခန့်အပ်ခံရ

 

ဖေဖော်ဝါရီ ၆၊ ဒီပို့တီဗို။        ။ လာလီဂါတွင် တန်းဆင်းဇုန်အတွင်းရောက်နေသည့် ဒီပို့တီဗိုအသင်းသည် ဆီးဒေါ့ဖ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်လိုက်သည်။ အေစီမီလန်၊ ရီးယဲလ်မက်ဒရစ်နှင့် နယ်သာလန်ကွင်းလယ်ကစားသမားဟောင်းသည် သောကြာနေ့တွင် ဆိုစီဒက်ကို ၅-၀ ဂိုးဖြင့် ရှုံးပြီးနောက် ရာထူးမှထုတ်ခံရသည့် ပါရယ်လို၏နေရာ၌ အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။

အသက် ၄၁ နှစ်အရွယ်နည်းပြအနေဖြင့် အသင်းကိုရာသီကုန်အထိကိုင်တွယ်ရမည်ဖြစ်သည်။ “လက်ကျန်ပွဲတွေအတွက် ဆီးဒေါ့ဖ်ကို နည်းပြအဖြစ်ခန့်အပ်လိုက်ပါတယ်။ သူ့အနေနဲ့ သတင်းစာရှင်းလင်းပွဲလည်းလုပ်သွားမှာပါ”ဟု ဒီပို့တီဗိုအသင်းက ကြေညာခဲ့သည်။

ဆီးဒေါ့ဖ်အနေဖြင့် ၇ ပွဲဆက်နိုင်ပွဲပျောက်နေပြီး တန်းဆင်းဇုန်အထက်မှအသင်းနှင့် သုံးမှတ်ကွာနေသည့် အဆင့် ၁၈ နေရာမှ အသင်းကို တာဝန်ယူကိုင်တွယ်ရခြင်းဖြစ်သည်။ နိုင်ပွဲပျောက်သည့် ၇ ပွဲတွင် ရီးယဲလ်မက်ဒရစ်ကို ၇-၁ ဂိုး၊ ဘာစီလိုနာကို ၄-၀ ဂိုး ဖြင့်ရှုံးသည့်ပွဲများလည်း ပါဝင်သည်။

ကစားသမားဘဝက ချန်ပီယံလိဂ်ဖလား လေးကြိမ်အထိရခဲ့သည့် ဆီးဒေါ့ဖ်သည် အိုင်းယက်၊ ဆမ်ဒိုးရီးယားနှင့် အင်တာမီလန် တို့တွင်လည်းကစားခဲ့ဖူးသည်။ နည်းပြဘဝတွင် အေစီမီလန်နှင့် တရုတ်ကလပ်ရှန်ဇန်းတို့ကို တာဝန်ယူခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required