နိုင်ငံတကာသံတမန်များနှင့် ကုလအဖွဲ့အစည်းများ၏ ရခိုင်မြောက်ပိုင်းလေ့လာရေးခရီးစဉ်များ စတင်တော့မည်

နိုင်ငံတကာသံတမန်များနှင့် ကုလအဖွဲ့အစည်းများ၏ ရခိုင်မြောက်ပိုင်းလေ့လာရေးခရီးစဉ်များ စတင်တော့မည်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ။              ။ နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများသည် မနက်ဖြန် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသရှိ   နေရပ်ပြန်လာသူများအား ပြန်လည်လက်ခံမည့် စခန်းများကို သွားရောက် လေ့လာမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"နိုင်ငံတကာသံတမန်တွေက မနက်ဖြန် ၆ ရက်နေ့ တစ်သုတ် သွားမယ်။ ၉ ရက်နေ့ တစ်သုတ်သွားမယ်။ ၁၅ ရက်နေ့ တစ်သုတ်သွားပါမယ်" ဟုဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည့် နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များသည် ဒုက္ခသည်များ ပြန်လည်လက်ခံရေးစခန်း နှစ်ခုဖြစ်သည့် ငါးခူရစခန်း၊ တောင်ပြိုလက်ဝဲစခန်းနှင့် ကြားစခန်းတစ်ခုဖြစ်သည့် လှဖိုးခေါင်စခန်းများကို သွားရောက်လေ့လာခွင့်ရရှိမည်ဖြစ်ပြီး စီးပွားရေးဇုန်ပြုလုပ်မည့် နေရာမျိုးကိုပါ   လေ့လာခွင့်ရရှိရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ရခိုင် ပြည်နယ်အတွင်း၊လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေးစီမံကိန်း(UEHRD)၏ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက "တစ်နေ့တာ ခရီးစဉ်ပဲ စီစဉ်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် သွားမယ့်လူတွေကအရမ်းများတယ်။ နောက်ပြီးတော့ လုံခြုံရေးလည်း အရေးကြီးတယ်။ အဓိကနေရာတွေပဲ သွားဖို့ စီစဉ်ထားတယ်" ဟု ဆိုသည်။

ယခုတစ်ခေါက် ခရီးစဉ်တွင် နိုင်ငံတကာမှ သံတမန်များ တော်တော်များများပါဝင်မည်ဖြစ်ပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများလည်း ပါဝင်မည်ဖြစ်သောကြောင့် ခရီးစဉ်ကို သုံးခါ ခွဲပြီး စီစဉ်ထားရကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များသည် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ မရှိ အနီးကပ်စောင့်ကြည့်လေ့လာလိုပြီး ပူးပေါင်းဆောင်ရွက်လိုသည်ဟု ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNHCR မှ တောင်းဆိုထားမှုများလည်း ရှိနေခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လူကယ်ပြန် ဝန်ကြီးလည်းဖြစ် UEHRD ၏ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက "ပြည်ထောင်စုစီမံကိန်းကို ဖော်ပြထားပြီးသားဖြစ်တယ်။ ရည်ရွယ်ချက်သုံးခုရှိတယ်၊ နံပါတ်တစ် ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ၊ နံပါတ်နှစ် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ၊ နံပါတ်သုံးက ဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ဆိုတဲ့ ဒီသုံးချက်စလုံး အကုန် ဝင်ကူညီလို့ရတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်ခဲ့သော်လည်း လက်ရှိအချိန်ထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရောက်ရှိနေသည့် ဒုက္ခသည်များမှာ ပြန်လည်ဝင်ရောက်လာခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required