ခန္တီး နန်စီပွန်ရတနာမြေဒေသတွင်း ၀င်ထွက်သွားလာခွင့် စမတ်ကတ်များ ထုတ်ပေးနေ

ခန္တီး နန်စီပွန်ရတနာမြေဒေသတွင်း ၀င်ထွက်သွားလာခွင့် စမတ်ကတ်များ ထုတ်ပေးနေ
ဓာတ်ပုံ - အောင်ကိုဦး

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ။      ။ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် နန်စီပွန်ရတနာမြေဒေသအတွင်း ဝင်ထွက်သွားလာနေထိုင်ခွင့် စမတ်ကတ်များကို တိုင်းဒေသကြီးအစိုးရမှ ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ပြီး ထုတ်ပေးနေသည်ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်းဝင်းက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"နန်စီပွန်ဒေသမှာ ကွန်ပျူတာတွေနဲ့ ထိုင်ပြီးတော့ ထုတ်ပေးနေတယ်။ ရည်ရွယ်ထားတာတော့ တစ်လ မှော်ထဲမှာ ထိုင်ပြီးတော့ ထုတ်ပေးမယ်။ တစ်လပြည့်သွားရင်တော့ ခန္တီးထွေအုပ်ရုံးနားမှာ One Stop service ပေါ့ ။ ထိုင်ပြီး ထုတ်ပေးသွားမယ်" ဟု ဦးသိန်းလှိုင်ဝင်းက ဆိုသည်။

စမတ်ကတ်များကို အရောင်သုံးရောင်ခွဲခြားထားပြီး ဒေသခံများနှင့် ရေမဆေးကျောက် ရှာဖွေရေး လုပ်သားများကို အစိမ်းရောင်ကတ်၊ ကုမ္ပဏီ ဝန်ထမ်းများကို အဝါရောင်ကတ် နှင့် နန်စီပွန်ဒေသသို့ လာရောက်သည့် ဧည့်သည်များကို အနီရောင်ကတ် စသည်ဖြင့် ထုတ်ပေးသွားမည်ဖြစ်သည်။

နန်စီပွန်ဒေသအတွင်း ဝင်ထွက်သွားလာခွင့် စမတ်ကတ် တစ်ကတ်လျှင် မြန်မာကျပ်ငွေ တစ်သောင်း ပေးသွင်းရမည် ဖြစ်ကာ သက်တမ်းအားဖြင့် တစ်နှစ်သက်တမ်းရှိကာ ကတ်အရေအတွက်ကို ကန့်သတ်ချက်မရှိ ထုတ်ပေးသွားမည်ဟု  သိရသည်။

"နန်စီပွန်ထဲကို သွားလာခွင့်ရှိမယ်။ မှော်ထဲမှာ ကျွန်တော်တို့ ဝင်ထွက်ဂိတ်တွေမှာ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် စစ်ဆေးမယ်ဆိုရင် ဒီကတ်ကို ပြလိုက်ရင် ရပြီပေ့ါနော်။ ရေမဆေးကျောက်ရှာတဲ့သူတွေကလည်း ဒီကတ်ကို ဆောင်ထားရမယ်။ ဥပဒေအရ စစ်ဆေးမယ်ဆိုရင် ဒီကတ်ကိုပြလိုက်ရင် ရေမဆေးကျောက်ရှာခွင့်ရမှာဖြစ်ပါတယ်" ဟု ဦးသိန်းလှိုင်ဝင်းက ထပ်မံပြောဆိုသည်။

စမတ်ကတ်လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ရဲစခန်းထောက်ခံချက် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၏ ထောက်ခံချက် နှင့် အိမ်ထောင်စုစာရင်း များ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required