ကြည်လင်းကို ထပ်မံဝန်းရံမရံ မဆုံးဖြတ်ရသေးဟုဆို

ကြည်လင်းကို ထပ်မံဝန်းရံမရံ မဆုံးဖြတ်ရသေးဟုဆို

ရန်ကုန် ဖေဖေါ်ဝါရီ ၄ ။       ။  ကြည်လင်းကို ဝန်းရံသူ လူငယ်လေးဦးက လာမည့်ရုံးချိန်းတွင် သွားရောက်ဝန်းရံမရံ မဆုံးဖြတ်ရသေးကြောင်း မဇ္ဈိမကို ပြောသည်။ ယနေ့ရန်ကုန်မြို့ မိုင်ဒါကွင်းတွင်တပ်မတော်ချစ်သူများအဖွဲ့ကဦးဆောင် ပြုလုပ်သည့်  ဦးမင်းကိုနိုင်၏ ပြောစကားများအပေါ် ဆန့်ကျင်ကန့်ကွက်ပွဲတွင် ကြည်လင်းကို ဝန်းရံသူလူငယ်လေးဦးထဲမှ တစ်ဦးဖြစ်သည့် မြတ်ဘုန်းမိုကပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မဆုံးဖြတ်ရသေးပါဘူး။ သွားမယ်လို့ ကျွန်တော်တို့ကို လာပြောတဲ့သူတွေကတော့ တော်တော်များများရှိတယ်”ဟု ၎င်းက ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနှင့် ပတ်သက်သည့် ဖေဖော်ဝါရီလ ၂ ရက် ရုံးချိန်းတွင် လူငယ် ၄ ဦးခန့်က “ မင်းတို့ ထမင်းဝအောင်စားထား  ” ဟူသော စာတန်းပါအင်္ကျီ ဝတ်ဆင်ကာ သေနတ်သမားကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် လာရောက်ဝန်းရံခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “  ခြိမ်းခြောက်တာပဲပေါ့။ အဲ့လို ဝတ်လာရုံနဲ့တော့ ခြိမ်းခြောက်ရာမရောက်သေးဘူး။ ပြောတဲ့သူကပြောတယ်။ တရားခံလည်း ပေါ်ပြီ။ အဲ့လူတွေက အဲ့လိုပြောတဲ့အပေါ်မှာ သူတို့ကလာပြီးလုပ်တော့ ၁၁၄  အားပေးကူညီတာပေါ့။ သူတို့က လည်း ခြိမ်းခြောက်တာပေါ့ ” ဟုပြောသည်။

အဆိုပါလူငယ်လေးဦးသည် မည်သည့်အဖွဲ့ကိုမှ ကိုယ်စားမပြုကြောင်း ပြောထားသည်။

မိုင်ဒါကွင်းတွင် ယနေ့ပြုလုပ်သော အခမ်းအနားသို့  အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်အား ထောက်ခံကြသူများ တက်ရောက်ခဲ့ကြ  သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required