လှိုင်သာယာရှိ ကာရာအိုကေဆိုင်တွင် တုတ်၊ ဓားလက်နက်များ ဖမ်းမိ

လှိုင်သာယာရှိ ကာရာအိုကေဆိုင်တွင် တုတ်၊ ဓားလက်နက်များ ဖမ်းမိ

ဖေဖော်ဝါရီ ၄ ။          ။ လှိုင်သာယာမြို့နယ်၊ ကာရာအိုကေဆိုင်အတွင်း တုတ်၊ ဓားလက်နက်များ ရှိကြောင်း သတင်းရသဖြင့် ဝင်ရောက်ရှာဖွေရာ တွေ့ရှိဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၂၂း၄၅ အချိန်လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ -------ကာရာအိုကေ ဆိုင်အတွင်း တုတ်၊ ဓားလက်နက်များနှင့်အတူ ကာရာအိုကေဆိုင်၏ မန်နေဂျာ ဂျင်မေဟိန်း(ခ) ဖိုးခွား (၃၁)နှစ်နှင့် ဆိုင်အလုပ်သမားများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ထိန်လင်းစိုး (၂၈)နှစ်၊ ပြည့်ဖြိုးအောင် (၂၈)နှစ်၊ မြတ်ကို(၂၉)နှစ်၊ ကျော်ဌေး(ခ)မှုံကြီး (၃၅)နှစ်၊ ဇော်မင်းထွန်း(၃၆)နှစ်၊ အာကာ(ခ)နေဆန်း(၂၃)နှစ်၊ ကျော်လင်းဌေး(၂၃)နှစ်၊ ချစ်မောင်ဇင် (၂၆)နှစ်၊ ဌေးဝင်း(၂၈)နှစ်၊စိုးကို(၂၅)နှစ်၊ မောင်မောင်(၂၄)နှစ်၊ ဇင်မျိုး(၂၅)နှစ်၊ ကျော်လင်းထွေး(၂၉)နှစ်နှင့် နိုင်လင်းထက်(၂၀)နှစ်တို့အား ဖမ်းဆီးခဲ့သည်။

ထိုကဲ့သို့တွေ့ရှိမှုကို လက်နက်များ အက်ဥပဒေအရအရေးယူမည်ဖြစ်ပြီး လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ဇန်နဝါရီလ ၁ ရက်နေ့ မှ စတင်သော လင်းယုန်စီမံချက်အရ လှိုင်သာယာ မြို့နယ်အတွင်း ပြစ်မှုကျူးလွန်သူများ ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ယင်းသို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံချက်အရ ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု ကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲသူများ၊ ပြည်သူလူထုအပေါ်အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ ကျူးလွန်သူလူဆိုးလူမိုက်များ၊ ဒုစရိုက်မှုများ၊ ပြေး(၄)ပြေးများ ကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိသည်ဟု သိရသည်။

လှိုင်သာယာမြို့နယ်အတွင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၁ ရက်နေ့ မှ ဖေဖော်ဝါရီ ၂ ရက်နေ့ အထိ လက်နက်များအက်ဥပဒေအရအရေးယူမှု(၃၁)မှု ၊လောင်းကစားဥပဒေအရအရေးယူမှု(၄)မှု၊ မူယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူမှု(၉)မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူ များ ခြေချုပ်နှင့်ခံဝန်ဥပဒေအရ အရေးယူမှု(၆၀)မှု၊ ကျင့်ထုံးပုဒ်မ ၅၄အရ အရေးယူမှု (၈၀)မှု၊ ရဲအက်ဥပဒေ အရ အရေးယူမှု(၉၆)မှု၊ ယစ်မျိုးဥပဒေအရ အရေးယူမှု( ၁၄)မှု၊ ဗီဒီယိုအက်ဥပဒေအရ အရေးယူမှု(၁)မှု၊ မော်တော်ယာဉ်ဥပဒေအရ အရေးယူမှု(၁)မှု၊ စုစုပေါင်း (၂၉၆)မှုနှင့် ပြေးလေးပြေး(၄)ဦး တို့အား ဖမ်းဆီးရမိ အရေးယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required