ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးအား အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူ

ခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦးအား အဂတိလိုက်စားမှု ဥပဒေဖြင့် အရေးယူ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ။           ။ ဖာပွန်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိဖာပွန်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးသည် ယခင် တမူးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်က ခရိုင်အုပ်ချုပ်ရေးမှူး၏ ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ခြင်းအတွက် အရေးယူခြင်းဖြစ်ကြောင်း သိရသည်။

တမူးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်စဉ် ဦးသိန်းဇော်ဦးသည် မြေကွက်(၂၀)ကွက် ချထားပေးရာတွင် မရိုးမဖြောင့်ဆောင်ရွက်ခဲ့ပြီး ဓါတ်သတ္တုခွန် ကောက်ခံရရှိငွေများထဲမှ ၂၀၁၆ ခုနှစ်တွင် ငွေကျပ် ၂၄၂ သိန်း ကျော် နှင့် ၂၀၁၇ ခုနှစ်တွင် ငွေကျပ် ၉၁ သိန်းကျော်ကို ကိုယ်ကျိုးရယူသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း လည်း ဖြစ်သည်။

ယင်းအတွက်ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အရေးယူပေးရန် ကော်မရှင်မှ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တမူးမြို့မရဲစခန်းသို့ အမှု ၃ မှုခွဲကာ အမှုဖွင့်တိုင်ကြားထားပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

၂၀၁၃ခုနှစ်က ပြဌာန်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် "နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းကလည်း ရန်ကုန်ရှိ မြေကွက်တစ်ကွက်နှင့်ပတ်သက်ပြီး သိန်းထောင်နှင့်ချီကာ အဂတိလိုက်စားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးအား အရေးယူရန် ကော်မရှင်က တရားစွဲဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly