မကောင်းတဲ့လူက မကောင်းတဲ့လမ်းကို သွားပါလိမ့်မယ်

မကောင်းတဲ့လူက မကောင်းတဲ့လမ်းကို သွားပါလိမ့်မယ်

ဗေဒင်မေးရင်း အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုရှိတယ်လို့ လူမှုကွန်ရက်ပေါ်မှာ အမျိုးသမီးတွေ ပြောဆိုခဲ့ကြတဲ့အပြင် အမှုဖွင့်ထားပြီး တရားဥပဒေကြောင်းအရ သွားနေသူတွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗေဒင်ဆရာတစ်ဦးဖြစ်တဲ့ ဆရာဇင်ယော်နီကို မဇ္ဈိမသတင်းထောက် ရဲနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဆရာဇင်ယော်နီ (ဗေဒင်ဆရာ)

မေး။ လက်ရှိ ဗေဒင်ဆရာတစ်ယောက်ရဲ့ ကိစ္စရပ်အပေါ်မှာ ဘာများ ပြောချင်တာရှိမလဲ။ ဗေဒင်ဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ကျွန်တော်အမြင်ကတော့ မကောင်းတဲ့လူ မကောင်းတဲ့လမ်းကို သွားပါလိမ့်မယ်။ ကောင်းတဲ့လူက ကောင်းတဲ့လမ်းကို သွားပါလိမ့်မယ်။ လောကမှာ လောကရဲ့ဥပဒေတွေရော လူတွေသတ်မှတ်ထားတဲ့   ဥပဒေတွေရော ရှိပါတယ်။ မကောင်းတဲ့လူ လူ့လောကဥပဒေ လူတွေသတ်မှတ်တဲ့ တရားဥပဒေနဲ့ မကောင်းတဲ့လမ်းကို သွားပါလိမ့်မယ်။ ကောင်းတဲ့လူတွေ ကောင်းတဲ့လမ်းကို ရောက်ကြပါလိမ့်မယ်ခင်ဗျာ။ ရိုက်ခတ်မယ်လို့တော့ ကျွန်တော် သိပ်ပြီးတော့ မထင်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူ့လမ်းသူ သွားကြတာပဲလေ။

ခုနကပြောသလို ဗေဒင်ဆရာထဲမှာ ကောင်းတာရှိသလို မကောင်းတဲ့လူလည်းရှိတယ်။ ကျောင်းသားလည်း ကောင်းတာရှိတယ် မကောင်းတာရှိတယ်။ ဘယ်အလွှာ ဘယ်အတန်းစားထဲမှာပဲဖြစ်ဖြစ် ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်းရှိတယ်။ အားလုံးက မကောင်းတဲ့လူ မကောင်းတဲ့လမ်းကိုသွားမယ်။ ကောင်းတဲ့လူ ကောင်းတဲ့လမ်းကို သွားပါလိမ့်မယ်။ ဆိုကြပါစို့ ကျောင်းသားတစ်ယောက်က ခိုးပြီးတော့ ဆေးလိပ်သောက်တာ နဲ့ပဲ ကျောင်းသားထုတစ်ရပ်လုံးက ဆေးလိပ်တွေ ခိုးသောက်ကြပီလို့ ဘယ်သူမှ မတွေးဆကြပါဘူး။ သောက်တဲ့ကျောင်းသားကို ဆရာ၊ ဆရာမက အရေးယူလိမ့်မယ်။ မသောက်တဲ့ကျောင်းသားကို ဘာမှ အရေးယူစရာ ထိပါးစရာ မရှိပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက် မကောင်းတဲ့အတွက် ဒီလောကကို ထိခိုက်နစ်နာမယ်လို့တော့ ကျွန်တော် မထင်ပါဘူးခင်ဗျ။

မေး။ ဗေဒင်ဟောခန်းနဲ့ ပတ်သက်ပြီး ဆရာ မင်းသိင်္ခ ထားရှိတဲ့ စည်းကမ်းတွေက ဘာတွေများ ဖြစ်မလဲ။ ဗေဒင်ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုပြုမူနေထိုင်ရမယ်လို့ စည်းကမ်းတွေ ချမှတ်ထားလဲ။

ဖြေ။ အဘ မင်းသိင်္ခ သူစဉ်းစားသွားတဲ့ဟာတွေပေါ့။ သူစဉ်းစားပြီး တပည့်တွေကို အန္တရာယ်မဖြစ်အောင် သူ့တပည့် ဗေဒင်လောကမှာ အန္တရာယ်မဖြစ်အောင် ဘယ်လောက်ထိ သူပြောသွားတာမျိုး ရှိသလဲဆိုတော့ ဗေဒင်ခန်းကို အလုံမပိတ်ရဘူး။ ခန်းစီးတို့ လိုက်ကာတို့ ရှိရင်တောင်မှပဲ လုံးဝ အဆက်အသွယ် ပြတ်နေတာမျိုး မဖြစ်ရဘူး။ အနည်းဆုံး ရိုးတိုးရေးတေးတော့ လှမ်းမြင်နေပစေဆိုတဲ့ ဥစ္စာမျိုး အဘမင်းသိင်္ခသည် စည်းကမ်းချက်ကို သတ်မှတ်ပေးသွားပါတယ်။

ကျွန်တော်တို့ တွေ့ဖူးတာဆိုရင် ဗေဒင်ဟောခန်းတွေကို လိုက်ကြည့်ပြီးတော့ အဲလို ပိတ်ထားတာတောင် တွေ့ရင် ချက်ချင်း တပည့်ကို ရိုက်တယ်တို့ ဘာတို့ ဆုံးမသွားဖူးတာတွေ ရှိပါတယ်။ ဟောခန်းကို အပြင်က လှမ်းကြည့်လိုက်တဲ့အခါမှာ အထဲမှာ ဘယ်သူရှိနေလဲ မရှိသေးဘူးလား လူရှိလား မရှိလားဆိုတဲ့ဟာမျိုး မမြင်ရလောက်အောင် မပိတ်ခိုင်းပါဘူး။ အနည်းဆုံးတော့ အထဲမှာ လူတော့ ရှိနေတယ်။ ဘယ်နှစ်ယောက်ဟဲ့ ဆိုတဲ့ မြင်နေရတဲ့ အနေအထားကိုပဲ ဟောခန်းကို ထားခိုင်းပါတယ်။

မေး။ အဲဒီလို ကျူးလွန်ခံရတယ်လို့ပြောတဲ့ အမျိုးသမီးတွေအပေါ်မှာ ဘာပြောချင်တာရှိမလဲ။

ဖြေ။ ဗေဒင်လောကမှ မဟုတ်ပါဘူးခင်ဗျ ဘယ်လောကပဲဖြစ်ဖြစ် တစ်စုံတစ်ယောက် မတော်မတရား ပြုခံရတယ် ဥပဒေချိုးဖောက်တယ်ဆိုရင် မကောင်းပါဘူး မဖြစ်စေချင်ပါဘူး။ အပြုခံရတဲ့သူတွေထက် ပြုတဲ့လူတွေကိုပဲ ကျွန်တေ်ာတို့က အပြစ်တင်ရမှာပဲ။ အဓိကကတော့ လူတွေကို အတယ်တို့ ညံ့တယ်တို့ ဆိုတာမျိုး ဒါတွေက သွားပြီးတော့ ပြောလို့မရဘူး။ သူသူကိုယ်ကိုယ် အရပ်သူအရပ်သား ပြည်သူပြည်သား ကတော့ အားကိုးစရာရှိ ကိုးမှာပဲ။ ဆိုတော့ ပြုသောသူဘက်ကသာလျင် အပြစ်ရှိတယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်။

မေး။ အဲဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်း ဗေဒင်ဆရာအဖွဲ့အစည်းတွေအနေနဲ့ ဘာဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ။ ကျွန်တေ်ာတို့အဘ မင်းသိင်္ခရှိကတည်းက အဖွဲ့အစည်းဆိုပြီးတော့ သတ်သတ်မှတ်မှတ် ဖွဲ့သွားခဲ့တာမျိုးက မရှိဘူးခင်ဗျ။ အဖွဲ့အစည်းနဲ့ပေါ့ စနစ်တကျ ခိုင်ခိုငမာမာမျိုး ဖွဲ့တာမဟုတ်ပဲနဲ့ အလုပ်တစ်ခု တစ်စုံတစ်ရာ လုပ်ကြတဲ့အပေါ်မှာ ဘယ်သူဘာယူ ဘယ်သူကဘာလုပ်နဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ အဘ မရှိတဲ့နောက်ကျတော့လည်း ခိုင်ခိုင်မာမာ စနစ်တကျ စုစုစည်းစည်း ဖွဲ့စည်းတယ်ဆိုတာမျိုးက ဒီအချိန်မှာတော့ ကျွန်တော်တို့ လက်တွေ့ကျကျလည်း မရှိသေးပါဘူး။ နီးစပ်ရာ နီးစပ်ရာ စုပြီးတော့ အလုပ်တွေ ဝိုင်းလုပ်ကြတယ်ပေါ့။ အဲဒီအဖွဲ့လေးတွေတော့ ဖွဲ့ရင် ဖွဲ့ထားကြမယ်ပေါ့နော်။ ဒါပေမယ့် အဘမင်းသိင်္ခ တပည့်အားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အနေနဲ့တော့ ဒီအချိန်မှာ မရှိပါဘူး ဆိုတော့ အဖွဲ့အစည်းအနေနဲ့ ဆိုတာထက် ကျွန်တော်တို့ တစ်ယောက်ချင်းစီကတော့ မတော်မတရားလုပ်တဲ့အရာအားလုံးကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ သဘောမတူပါဘူး။ နောက်လည်း မဖြစ်စေချင်ပါဘူး။ နောက် ဖြစ်တဲ့ကိစ္စတွေအပေါ်မှာလည်း ကျွန်တော်တို့ ဥပဒေလမ်းကြောင်းနဲ့ပဲ သွားဖို့ ရှိပါတယ်ခင်ဗျ။

မေး။ အခုဖြစ်ရပ်အပေါ်မှာ ဆရာ့အနေနဲ့ ဘာများ မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ အခုက ကျွန်တော်တို့ ကြားတဲ့အသံအရ နှစ်ဖက်က ဥပဒေကြောင်းနဲ့ သွားမယ်ဆိုတော့လည်း ဥပဒေကိစ္စကိုပဲ ကျွန်တော်တို့ စောင့်ကြည့်ဦးမှာပါပဲ။ အဲတော့ ဥပဒေသည် ဥပဒေတစ်ပိုင်းဖြစ်သလို ဘယ်သူမဆို မကောင်းတဲ့လူကို ကျွန်တော်တို့ မကောင်းးသလိုပဲ သတ်မှတ်ရမှာပဲ။ ကောင်းတဲ့လူကို ကောင်းတဲ့လူလို့ သတ်မှတ်ရမှာပါပဲ။ စောစောကပြောသလို တရားဥပဒေဆိုတာ ရှိသလို လူ့လောကရဲ့ ဥပဒေကလည်း ရှိနေပါသေးတယ်။ ဆိုတော့ ကျွန်တော်တို့ ဥပဒေကိစ္စကိုလည်း စောင့်ကြည့်ရမှာပါပဲ။ ဗေဒင်လောကထဲကနေ ဒါမျိုး ကြားရတယ်ပေါ့နော်။ ကြားရတဲ့အခါမှာ စိတ်မကောင်းပါဘူး။

ဒါကလည်းပဲ အများပရိသတ်ကို ကျွန်တော်တို့ ပြောချင်တာကတော့ အထူးသဖြင့် အဘမင်းသိင်္ခရဲ့တပည့် ဗေဒင်ဆရာဆရာမတွေ ဆီကို သွားရောက်မေးမြန်းကြတဲ့ ပရိသတ်တွေအတွက် အဘမင်းသိင်္ခချမှတ်ခဲ့တဲ့ စည်းကမ်းတွေက တော်တော်လေး ထောင့်စေ့ပါတယ်။ စောစောကပြောသလို တစ်စုံတစ်ရာ ပြဿနာ ဖြစ်မလာအောင်  သံသယဖြစ်ဖွယ် မရှိအောင် ဟောခန်းကို ပိတ်မထားနဲ့ မြင်နေပါစေဆိုတဲ့ ဟာမျိုး ရှိသလို ဆိုကြပါစို့ စကားပြောရင်တောင် ဗေဒင်ဟောပြောချင်းအတတ်ပညာကို အသုံးချဖို့ပေါ့နော်။ တစ်စုံတစ်ယောက်ကို လေးနက်တဲ့အကြောင်းအရာပြောရင် သူ့မျက်နှာကို ကြည့်ပြီးတော့ပြော။ ဒါမှ လေးနက်မယ်။ တစ်စုံတစ်ယောက်က ကိုယ့်ကို လေးနက်တဲ့စကား ပြောနေတဲ့အချိန်ကျရင် သူ့မျက်နှာကို ကြည့်မနေနဲ့။ ကြည့်နေရင် ဟိုဘက်ကလူမျက်နှာက အမ်းနေတယ်။ အဲဒီအခါကျရင်တော့ ပြောတဲ့လူရဲ့ ခန္ဒကိုယ်တစ်နေရာကို ကိုယ်က စူးစိုက်ပြီးတော့ ကိုယ်က နားထောင်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်က အရေးကြီးတဲ့စကားကို ပြောနေတဲ့အချိန်မှာ ကိုယ်က တခြားကို ကြည့်နေရင်လည်းပဲ ဂရုမစိုက်ဘူး။ သူပြောတာကို အလေးအနက်မထားဘူးလိုု့ ယူဆသွားမယ်။ သူ့မျက်နှာကို ပြန်ကြည့်နေရင်လည်း ဟိုဘက်ကလူ စကားပြောရတာ အမ်းတယ်။

ဒါပေမယ့် ခန္ဓာကိုယ်ကို ကြည့်ပါဆိုပြန်တော့လည်း မတော်မတရားနေရာတွေကို မကြည့်နဲ့တဲ့။ အထူးသဖြင့် ဗေဒင်လာမေးတဲ့ မိန်းကလေးပရိသတ်ပေါ့။ ကိုယ်က သူ့ရဲ့ ပခုံးစွန်းတို့ လက်တို့ အဲဒါမျိုးကို ကြည့်ပြီးတော့ နားထောင်အဲဒါမျိုးပေါ့။ အဲလောက်ထိ ကျွန်တော်တို့ အဘသည် တွေးပြီးတော့ တပည့်တွေကို ကိုယ့်ဗေဒင် ဟောပြောတဲ့ဟာ အောင်မြင်ဖို့အတွက်ရော အန္တရာယ်ကင်းဖို့အတွက်ရော ပြဿနာမပေါ်ပေါက်ရေးအတွက် ရော အဲဒါမျိုးတွေထိ ကျွန်တေ်ာတို့ကို ပြောသွားတာတွေ ရှိပါတယ်။

နောက် ကျွန်တေ်ာတို့ ဗေဒင်သင်တဲ့အခါမှာ ဗေဒင်မသင်ခင် မင်းတို့ ကာယကံ ဝစီကံ မနောကံ တည်ကြည် အောင် အားကောင်းအောင် သန့်ရှင်းအောင် လေ့ကျင့်ဆိုတဲ့ အချက်အလက်တွေကို အရင်ဆုံးစသင်တာပါ။ ဗေဒင်က နောက်မှသင်တာ တခြားလိုင်းတွေကို ပူးသွားတာမျိုးလည်း မဖြစ်အောင် အဘမင်းသိင်္ခက ပြောသွားပါတယ်။ ဥပမာ ဗေဒင်ဟောတာကို ပုတီးလည်ပင်းမှာဆွဲပြီး ဘိုးတော်လိုလို မယ်တော်လိုလို ပုံမဖမ်းရဘူး။ သူကိုယ်တိုင်လည်း လုပ်မသွားခဲ့ဘူး။ တကယ်ဆိုရင် အဘမင်းသိင်္ခဟာ ဂန္ဓာရီလမ်းကို တော်တော် သူစိတ်ဝင်တစား ဆန္ဒပြင်းပြစွာနဲ့ ကျင့်ကြံအားထုတ်ခဲ့သူတစ်ယောက်ဆိုပြီး အဘကို မြင်ကြတယ်။ သူကိုယ်တိုင် ကျတော့ ဘိုးတော်လိုလို ဘွားတော်လိုလို မယ်တော်လိုလို ဓါတ်လိုလို နတ်လိုလို လုပ်မသွားခဲ့ဘူး။ လုပ်ခဲ့တဲ့ တပည့်မျိုး ရှိခဲ့ရင်လည်း အဘသည် ပြင်းပြင်းထန်ထန် ဆုံးမပါတယ်။ အဘကိုလည်း ကျွန်တော်တို့မေးတယ်။ အဲ့ဒီလမ်းစခန်းကို လျှောက်ပြီးတော့ ဘာလို့ ဒီလိုမေးနေတာလည်း ဆိုတော့ ငါ လူလိမ်တွေနဲ့ ရောသွားမှာစိုးလို့ ဆိုပြီး ပြောတယ်။ အဲ့လို လိမ်တဲ့လူတွေနဲ့ ရောပြီးအထင်မခံနိုင်ဘူး ငါတကယ်ဖြစ်ချင်လို့ လုပ်နေတာလို့ အဘက ပြောတယ်။ အဲ့တော့ ကိုယ့်ဟာကိုယ် ကျင့်စရာ ရှိတာတော့ ကျင့်ကြမယ်။ လိမ်တော့မလိမ်ဘူး၊ အဲ့တော့ အဘမင်းသိင်္ခက တပည့်တွေဆိုရင် ယတြာကြေး ကိစ္စတို့ ဉာဏ်ပူဇော်ခတို့ သတ်မှတ်သွားတဲ့အပြင် သူပေးသွားတဲ့ အတွက်အချက် ကိန်းဂဏန်းပညာတွေကို အားပြုပြီးတော့ ဟောရမယ်။ ဓါတ်စီးသလိုလို နတ်စီးသလိုလို အကြားအမြင်လိုလို ဆိုတာမျိုး ဟောခွင့်မရှိပါဘူး။

မေး။ ဒီဖြစ်ရပ်နောက်ပိုင်း ေှဗဒင်လောကအပေါ် ရိုက်ခတ်မှုရှိနိုင်မလား။

ဖြေ။ နောက် ပရိသတ်တွေက အဘ မင်းသိင်္ခက စဉ်းစားသွားတာရှိပါတယ်။ ကိုယ့်ကိုကိုယ် ဆရာလို့တောင် မပြောခိုင်းဘူး။ တစ်ချို့ပြောလေ့ရှိတယ် ၊ ဆရာပြောမယ်၊ ဆရာမပြောမယ်၊ ဆိုပြီး အဲ့ဒါမျိုး ပြောခွင့်မရှိပါဘူး။ မင်းဆီကို ဗေဒင်လာမေးတာနဲ့ပဲ မင်းက ဆရာဖြစ်သွားရောလားတဲ့။ ဟိုဘက်က မင်းတပည့်ဖြစ်သွားရောလား တဲ့။ ဗေဒင်လာမေးတာ ဗေဒင်လာဝယ်တာပဲပေါ့။ ဆေးခန်းဖွင့်ထားရင် ဆေးလာကုမှာပဲ၊ဈေးဆိုင်ဖွင့်ထားရင် ဈေးလာဝယ်မှာပဲ၊ ဗေဒင်ဟောခန်းဖွင့်ထားတော့ ဗေဒင်လာမေးတာပဲ။ ပိုက်ဆံပေးပြီး ထည့်သွားတယ်၊ အဲ့ဒီအတွက် ဆရာတပည့်ဖြစ်သွားတာမဟုတ်ဘူးလေ၊ အဲ့ဒါ ပရိတ်သတ်ပဲ ကိုယ့်ဆီကို လာအားပေးသွားတဲ့ ပရိသတ်ဖြစ်တဲ့အတွက် ပရိသတ်လိုပဲ ဆက်ဆံ သူ့ကိုသွားပြီးတော့ တပည့်လို့ သတ်မှတ်လို့မရဘူး။ မင်းကလည်း သူ့ရဲ့ ဆရာပါဆိုပြီး သွားသတ်မှတ်လို့မရဘူး။ ဒါကြောင့် စကားအပြောဆိုတွေမှာ ဆရာက ဆရာမက ဆိုတဲ့ အပြောအဆိုမျိုး မပြောရဘူးဆိုပြီး ပိတ်ထားပါတယ်။

ဒါကြောင့် ဒီနေ့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အသံတွေထွက်ကြတဲ့အခါမှာ ဗေဒင်လောကအပေါ်မှာ ရိုက်ခတ်မလား မရိုက်ခတ်ဘူးလား ဆိုတာလေ တစ်ခွန်းပဲ ပြောစရာ ရှိပါတယ်။ ကျွန်တော်တို့ဆရာ အဘမင်းသိင်္ခစကားနားထောင်ကြသောသူများ အဘမင်းသိင်္ခရဲ့ သစ္စာကို စောင့်သိသူများ ပညာရဲ့ သစ္စာကို စောင့်သိသူများသည် စောင့်သိတဲ့အကျိုးကို ခံစားရပါလိမ့်မယ်။ မစောင့်သိတဲ့သူတွေကတော့ မစောင့်သိသလို သွားကြပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly