မလေးရှားရဲများအား ငရုတ်ကောင်းမှုတ်ဆေးဖြင့် ပက်ခဲ့သည့်အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

မလေးရှားရဲများအား ငရုတ်ကောင်းမှုတ်ဆေးဖြင့် ပက်ခဲ့သည့်အမျိုးသမီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

ကွာလာလမ်ပူ၊ မလေးရှား၊ ဖေဖေါ်ဝါရီ ၄ ။        ။ အသက် ၄၂ နှစ်အရွယ်ရှိ အမေရိကန်အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော သောကြာနေ့က ကွာလာလမ်ပူရှိ ငှားရမ်းထားသော သူမ၏ကွန်ဒိုတိုက်ခန်း၌ မလေးရှားရဲတပ်ဖွဲ့နှင့် မီးသတ်သမားများကို ငရုတ်ကောင်းမှုတ် ဆေးဘူးဖြင့် ဖြန်းပက်ခဲ့သည့်အတွက် အဖမ်းခံခဲ့ရသည်။

နယူးစတရိတ်တိုင်းမ် ( NST) သတင်းစာ၏အဆိုအရ အမျိုးသမီးတစ်ဦးသည် ကြာသာပတေးနေ့ကတည်းက ငှားရက်ပြည့်သွားသော်လည်း တိုက်ခန်းအတွင်းမှထွက်ခွာပေးရန် ငြင်းဆန်နေကြောင်း တိုက်ခန်းပိုင်ရှင်များက ရဲစခန်းကို သတင်းပို့ခဲ့သည့်အတွက် ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ ထိုတိုက်ခန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပိုင်ရှင်ဖြစ်သော စုံတွဲတစ်တွဲက သူတို့သည် ထိုအမျိုးသမီးအား အခန်းမှဖယ်ပေးဖို့ သွားပြောရန်အတွက် တံခါးဖွင့်ရန်ကြိုးပမ်းစဉ်တွင် ငရုတ်ကောင်းမှုတ်ဆေးဘူးဖြင့် အပက်ခံခဲ့ရကြောင်း ဆိုခဲ့ကြသည်။ ဒါ့အပြင် ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများ ရောက်ရှိလာစဉ်တွင် ၎င်းတို့ကိုလည်း သူမကထိုအတိုင်း လုပ်ခဲ့သည်ဟု သိရ သည်။

“ရဲတွေနဲ့ မီးသတ်သမားတွေရောက်လာပြီး အခန်းတံခါးကိုခေါက်တဲ့အချိန်မှာ ထိုအမျိုးသမီးက တံခါးကိုဖွင့်ပြီး သူတို့ကို ငရုတ်ကောင်းမှုတ်ဆေးဘူးနဲ့ ပက်ခဲ့ပါတယ်” ဟု ဆန်တူလ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး အာရ်မန်နူဆာမီက စနေန့က သတင်းထုတ်ပြန်ခဲ့သည်။

“ဒီလုပ်ရပ်ကြောင့် ရဲ ၈ ဦးနဲ့ မီးသတ်သမား ၅ ဦးထိခိုက်ခဲ့ပြီး သူတို့ကို ကွာလာလမ်ပူဆေးရုံသို့ ပို့ဆောင်ကုသ ပေးထားပါတယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုသို့အပက်ခံခဲ့ရပြီးနောက် ရဲအရာရှိများသည် ထိုအမျိုးသမီးအား စိတ်အေးအေးထားရန်နှင့် လက်နက်ချဖို့ နားချနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

“အရာရှိတွေကို ငရုတ်ကောင်းမှုတ်ဆေးနဲ့ ပက်ခဲ့တယ်လို့ သူမဝန်ခံခဲ့ပါတယ်။ ကျနော်တို့ စပရေးဘူးကိုလည်း သိမ်းဆီးထားပါတယ်” ဟု တာဝန်ရှိသူများက ဆိုခဲ့သည်။

ဒါ့အပြင် “သူမဟာ ဆန္ဒအလျောက် အနာတရဖြစ်အောင်လုပ်ခဲ့တာကြောင့် သူမကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၄ နဲ့ ချုပ်မိန့်ပေးထားပါတယ်” ဟု ရဲမှူးကြီးက ဆိုခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် အမေရိကန်သံရုံးကို ယင်းဖြစ်ရပ် နှင့်ပက်သက်၍ အကြောင်းကြားထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required