မြစ်ကြီးနားနှင့် မိုးကောင်းရှိ တပ်မတော်တပ်ရင်းဌာနချုပ် ၊ လုံခြံုရေးစခန်းများ တိုက်ခိုက်ခံရ

မြစ်ကြီးနားနှင့် မိုးကောင်းရှိ တပ်မတော်တပ်ရင်းဌာနချုပ် ၊ လုံခြံုရေးစခန်းများ တိုက်ခိုက်ခံရ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ။        ။ ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မိုးကောင်းမြို့နယ် အတွင်းရှိ တပ်မတော် တပ်ဌာနချုပ်စခန်းနှင့် လုံခြုံရေးစခန်း များအား ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက KIA မှ လာရောက်တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

မိုးကောင်းမြို့ တပ်မတော် တပ်ရင်းဌာနချုပ်ကို KIA ဘက်မှ အင်အား ၁၅ ဦးခန့်က တပ်ရင်းဌာနချုပ်၏ အရှေ့မြောက် ဘက် မီတာ ၅၀၀၀ ခန့် အကွာမှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး တပ်ရင်းဌာနချုပ် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကျည်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် မိုးကောင်းမြို့နယ်၊ လွယ်လိယန်ကျေးရွာ အုပ်စု၊ မရန်ကထောင် ကျေးရွာရှိ တပ်မတော်လုံခြုံရေးစခန်း အား KIA ဘက်မှ အင်အား ၆၀ ခန့် ၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နန်ကျင်ကျေးရွာရှိ လုံခြုံရေးစခန်အား KIA ဘက်မှ အင်အား ၅၀ ဦးခန့် သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မြစ်ကြီးနားနှင့် မိုးကောင်းရှိတပ်မတော်စခန်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ အား မဇ္ဈိမမှ ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်၍ မရရှိပေ။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲများအဆက်မပြတ်ဆိုသလို ဖြစ်ပွားနေပြီး တနိုင်းဒေသ ဘက်တွင်လည်း တပ်မတော်နှင့်KIA အကြား တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ဘေးရှောင် ပြည်သူ နှစ်ထောင်ခန့် ပိတ်မိလျက်ရှိနေသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဌာန အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သောအဖွဲ့နှင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သောအဖွဲ့တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒါးလီ(Dali)မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုရလာဒ်ကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required