အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေး ဝင်ရောက်မှုအား မတားပေးနိုင်သော နိုင်ငံများကို ထောက်ပံ့နေမှု ရပ်ပစ်မည်ဟု ထရမ့် ခြိမ်းခြောက်

အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေး ဝင်ရောက်မှုအား မတားပေးနိုင်သော နိုင်ငံများကို ထောက်ပံ့နေမှု ရပ်ပစ်မည်ဟု ထရမ့် ခြိမ်းခြောက်

 

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃ ။         ။ အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ ရောက်ရှိလာမှုကို မတားဆီးပေးနိုင်သော နိုင်ငံများအား နိုင်ငံခြားအကူအညီ ရပ်ပစ်မည်ဟု ဖေဖော်ဝါရီ ၂ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်သတိပေးသည်။

“ဒီအကူအညီတွေကို ကျွန်တော် ရပ်ပစ်လိုက်ချင်တယ်။ နိုင်ငံထဲ မူးယစ်ဆေး ဝင်ရောက်နေတာကို မတားပေးနိုင်ကြဘူးဆိုရင်တော့ ရပ်ပစ်မှာဖြစ်တယ်။”ဟု ဗာဂျင်နီးယားရှိ အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး CBP အမျိုးသားလေ့ကျင့်ရေးစင်တာသို့ ရောက်ရှိစဉ် ထရမ့်က ပြောဆိုခြင်း ဖြစ်သည်။

“သူတို့က ပြောတယ်။ ကျွန်တော်တို့က မူးယစ်ဆေးတွေ အမေရိကန်ထဲ ဝင်ရောက်နေတာကို မတားနိုင်ဘူးလို့ ပြောတယ်။ ဒါကို ထိန်းချုပ်ရလိမ့်မယ်ဆိုတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ဒေါ်လာတွေ ဘီလီယံတွေ၊ ဘီလီယံတွေချီပြီး သူတို့ကို ထောက်ပံ့ပေးခဲ့တယ်။ သူတို့ကတော့ စကားမတည်ဘဲ ပြောသလို မလုပ်ကြဘူး။ ဒါပေမယ့် ရတယ်။ ကျွန်တော်တို့ဖက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ရဖို့ပဲ ရှိတယ်။”ဟု ထရမ့်က ပြောခဲ့သည်။

အယ်ဆာဗာဒို၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နှင့် မက္ကဆီကိုတို့က တရားမဝင်ရွှေ့ပြောင်းဝင်သူများ၏ ရင်းမြစ်များအဖြစ် ယခင်က ထောက်ပြပြောဆိုဖူးသော်လည်း ယခု မူးယစ်ဆေးဝါး ပြဿနာအရေးတွင် အကူအညီရပ်ဆိုင်းပစ်မည်ဆိုသော နိုင်ငံများကို သမ္မတ ထရမ့်က နာမည်တပ် ပြောဆိုတော့ မရှိခဲ့ပေ။

“ဒီလို နိုင်ငံမျိုးသား ကျွန်တော်တို့အတွက် မိတ်ဆွေမဟုတ်ဘူး။ ကျွန်တော်တို့ဟာ မိတ်ဆွေတွေလို့ ထင်ပြီး အကူအညီတွေ ကြီးကြီးမားမား ထောက်ပံ့ပေးခဲ့တယ်။ ခုတော့ နာမည်တပ် မပြောသေးဘူး။ ဒါပေမယ့် ဒီနိုင်ငံတွေကို ကျွန်တော် မျက်စိဒေါက်ထောက် ကြည့်နေပါတယ်။

ကျွန်တော်တို့ကသာ အကူအညီ ကြီးမားစွာ ပေးနေခဲ့တာ ဒီနိုင်ငံတွေကတော့ အမေရိကန်ထဲ မူးယစ်ဆေးဝါးတွေ စီးဝင်နေစေပြီး ကျွန်တော်တို့ကို လှောင်ပြောင်နေကြတယ်။”ဟု ထရမ့်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags