စစ်အစိုးရ နံပါတ်နှစ်ခေါင်းဆောင်ကို ရိုလက်ဇ်ဗိုလ်ချုပ်ကြီးအဖြစ် ထိုင်းကျောင်းသားများ လှောင်ပြောင်ထေ့ငေါ့

စစ်အစိုးရ နံပါတ်နှစ်ခေါင်းဆောင်ကို ရိုလက်ဇ်ဗိုလ်ချုပ်ကြီးအဖြစ် ထိုင်းကျောင်းသားများ လှောင်ပြောင်ထေ့ငေါ့

ဘန်ကောက်၊ ဖေဖော်ဝါရီ ၃ ။      ။ တန်ဖိုးကြီးနာရီများစွာ စုဆောင်းခြင်းကြောင့် ရိုလက်ဇ်ဗိုလ်ချုပ်ကြီးအဖြစ် လူသိများခဲ့ရသော ထိုင်းစစ်အစိုးရ နံပါတ်နှစ်ခေါင်းဆောင်အား   လှောင်ပြောင်ထေ့ငေါ့ခြင်းအဖြစ် ဖေဖော်ဝါရီ ၃ ရက်တွင် ကျောင်းသားများက စာတမ်းများ ကိုင်ဆောင်ချီတက်ခြင်း၊ ရုပ်ပြောင်ရုပ်သေးရုပ်များ ဖန်တီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

အစိုးရ၏ ဒုတိယဝန်ကြီးချုပ်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဝတ်ဝေါင်ဆူဝန်၏ တန်ဖိုးကြီးနာရီများ ထည်လဲဝတ်ခြင်းမှ ပေါ်ပေါက်ခဲ့သော အရှုပ်တော်ပုံသည် နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေးကို စိတ်ကုန်စေကာ စစ်အစိုးရ၏ သဘောထားကွဲလွဲသူများအပေါ် တင်းကြပ်စွာကိုင်တွယ်မှုအားလည်း စိန်ခေါ်လာသည့် ပါးနပ်သော ဆန္ဒပြမှုများစွာ ဖြစ်ပွားစေခဲ့သည်။

ဘန်ကောက်တွင် ဖေဖော်ဝါရီ ၃ ရက်က ကျောင်းသားများ ဦးဆောင်ကျင်းပသော နှစ်ပတ်လည်ဘောလုံးပွဲအကြိုအခမ်းအနားတွင် ကစားကွင်းအတွင်း စီတန်းလှည့်ပတ်ကြရာတွင်   နိုင်ငံနံပါတ်နှစ်အကြီးအကဲ ဝေါင်ဆူဝန်အား ထေ့ငေါ့လှောင်ပြောင်မှုများကိုပါ ထည့်သွင်းပြုလုပ်သွားခြင်း ဖြစ်သည်။

ဒီဇင်ဘာလအတွင်းက အသက် ၇၂ နှစ်ရှိ ဗိုလ်ချုပ်ကြီး ဝေါင်ဆူဝန်သည် နေရောင်ကို လက်နှင့်ကာလိုက်သည့် ဓာတ်ပုံတွင် စိန်လက်စွပ်နှင့်တန်ဖိုးကြီး Richard Mille နာရီတို့ကို အထင်သားမြင်တွေ့ကြရာမှ ပြည်သူတို့၏ စိတ်ဆိုးဒေါသက ၎င်းအပေါ် ပုံကျခဲ့ရသည်။

ထိုအချိန်မှအစပြုကာ အွန်လိုင်းစုံထောက်တော်ကြီးများက ဝေါင်ဆူဝန် နာရီဝတ်ဆင်ထားသည့် ပုံများကို ဖြန့်ဝေကြရာ တန်ဖိုးကြီးနာရီပေါင်း ၂၅လုံးခန့် ထည်လဲဝတ်ဆင်မှုကို   မြင်တွေ့သိရှိသွားကြသည်။ ဝေါင်ဆူဝန်သည် ၎င်း၏ ပိုင်ဆိုင်မှုအား ကြေညာရန်အချိန်ကလည်း စာရင်းမတင်ဘဲ ပျက်ကွက်ခဲ့သူဖြစ်သည်။

ဖေဖော်ဝါရီ ၃ ရက်က ကစားကွင်းအတွင်း စီတန်းလှည့်ပတ်မှု လူအုပ်တစ်ရပ်တွင် လက်ရှိအထင်ကရ ဖြစ်နေပြီဖြစ်သည့် စိန်လက်စွပ်နှင့် နာရီတို့ အရောင်တဖိတ်ဖိတ်လက်နေသော လက်ဖြင့် နေရောင်ကို ကာလိုက်သည့် ဝေါင်ဆူဝန်၏ ပုံကို ရုပ်သေးရုပ်ပြောင်လုပ်ထားကာ လှည့်လည်သွားသည်ကိုလည်း မြင်တွေ့ရသည်။

ကျောင်းသားများသည် “နာရီတွေနဲ့ ပျော်စရာလုပ်နေတာ ရပ်ပါ။”ဟုသော စာတမ်းရှည်ကို အတူတန်းစီတွဲကိုင်ထားကြလျက်လည်း စီတန်းလှည့်လည်ခဲ့ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required