လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်း၊ အဆိုတင်သွင်းရာတွင် အစိုးရအဖွဲ့မှအချက်အလက်ရယူရန် ဦးဖြိုးမင်းသိန်းတိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်း၊ အဆိုတင်သွင်းရာတွင် အစိုးရအဖွဲ့မှအချက်အလက်ရယူရန် ဦးဖြိုးမင်းသိန်းတိုက်တွန်း

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ။            ။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းမေး၊ အဆိုတင်သွင်းကြရာတွင် အစိုးရအဖွဲ့များထံမှ အချက်အလက်များကို ရယူကြရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရန်ကုန်တိုင်းဒေသကြီး၏ (၈) ကြိမ်မြောက် တိုင်းခရိုင်မြို့နယ် စုံညီတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့၌ ရန်ကုန်မြို့ရှိ MCCခန်းမတွင် ပြုလုပ်ပြီး ထိုပွဲ၌ ပြောခဲ့သည်။

"တစ်ချိန်တစ်ခါကတုန်းက ကျွန်တော်တို့ အတိုက်အခံပါတီအဖြစ်နဲ့ ပထမအကြိမ်လွှတ်တော်မှာ ပါဝင်ခွင့်ရခဲ့စဉ်တုန်းက ကျွန်တော်တို့ Information(သတင်းအချက်အလက်)မရနိုင်ပါဘူး ။ ကျွန်တော်တို့ဘာသာရတဲ့ အချက်တွေစုပြီး မေးခွန်းတွေအဖြစ်ဆောင်ရွက်တာဖြစ်ပါတယ် ။ အခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရပါတီဖြစ်တဲ့အတွက် အာဏာရပါတီရဲ့အခန်းကဏ္ဍကနေ လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ် အစိုးရတွေပဲဖြစ်ဖြစ် ဒီ Mechanism(ယန္တယား)ကိုပေါင်းစပ်နိုင်ဖို့လိုမှာဖြစ်ပါတယ် ။ ဒီအတွက်မေးခွန်းတွေ အဆိုတွေမေးမယ်ဆိုရင် ဒီအချက်အလက်တွေကို အစိုးရဘက်ကနေ ရယူဖို့အတွက်ကျွန်တော်တိုက်တွန်းလိုပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထိုမှသာ တင်သွင်းသည့် အဆိုများ၊ မေးခွန်းများမှ တိတိကျကျ သတင်းအချက်အလက်များရရှိနိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုများ၊ မေးခွန်းများတင်သွင်းရာတွင် ကောင်းမွန်သည့်မေးခွန်းများ၊ ကောင်းမွန်သည့်အဆိုများဖြင့် ပြည်သူလူထုကြား လွှတ်တော်၏စွမ်းဆောင်ရည်များ ပြသရန် လိုအပ်သည်ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရန်ကုန်တိုင်းဒေသကြီး၏ တိုင်းခရိုင်မြို့နယ် စုံညီတွေ့ဆုံပွဲအခမ်းအနားသည် (၈) ကြိမ်မြောက်ရှိလာပြီဖြစ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ မြို့နယ်အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly