ဝင်္ဂဘော် သို့

ဝင်္ဂဘော် သို့

ကျွန်တော်တို့ မြန်မာနိုင်ငံက ဟိုးအရင်တုံးကဆိုရင် ကမ္ဘာပေါ်မှာ ကျွန်းသစ်အထွက်အများဆုံးဖြစ်တယ် ဆိုတာ ကျွန်တော်တို့ ကျောင်းနေစဉ်တုံးကသိခဲ့ရပါတယ် ။ ခုတော့ ကမ္ဘာကျော် မြန်မာ့ကျွန်းသစ်တွေ အရင်ကလောက် မပေါများပေမယ့်လို့ တောထဲတောင်ထဲမှာ အဲဒီကျွန်းသစ်အပါအဝင် သစ်အမျိုးမျိုး တွေကို တစ်နေရာမှ တစ်နေရာကို သယ်ဆောင်ပေးနေတဲ့ သူတွေကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် "ဆင်" များပဲ ဖြစ်ပါတယ် ။ဆင်တွေကို တောထဲမှာ သူတို့သဘာဝနဲ့ အနီးစပ်ဆုံးထားရှိတဲ့ ဆင်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ ဝင်္ဂဘော် ဆင်စခန်း ကို ကျွန်တော်တို့ သွားရောက်လေ့လာကြည့်ပါ မယ် ။ ဒီစခန်းဟာဆိုရင်တော့ ရန်ကုန် အမြန်လမ်းအတိုင်း လာမယ်ဆိုရင် ၃၉ မိုင် ယာဉ်ရပ်နားစခန်း က ပဲခူး ဘုရားကြီးဘက်ကို ခွဲတဲ့ လမ်းခွဲရှိပါတယ်။ အဲဒီလမ်းခွဲအတိုင်း ၁၀ မိနစ်လောက် ကားဖြင့် မောင်းလာ မယ်ဆိုရင် ဘယ်ဘက်မှာ  ဝင်္ဂဘော်ဆင်စခန်း ကို တွေ့ရမှာပဲဖြစ်ပြီး အများပြည်သူတွေ လေ့လာနိုင်ဖို့ ဖွင့်လှစ်ထားခြင်းပဲဖြစ်ပါတယ် ။

အဲဒီ ဆင်စခန်းထဲမှာဆိုရင် အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့သွားတဲ့ ဆင်ပေါက်လေးတွေကိုလည်း ထိန်းသိမ်းထားပါတယ်။ ပြီးတော့ ရပ်နားထားတဲ့ အစိုးရ သစ်ထုတ်လုပ်ရေးစခန်းက ဆင်တွေကိုလည်း ဒီမှာပဲ ထိန်းသိမ်းထားပါသေးတယ်။ ကျွန်တော်တို့ စခန်းထဲကို ဝင်ဝင်ချင်းမှာပဲ ဆင်စခန်းရဲ့ နေ့စဉ် လည်ပတ်နေတဲ့ အချိန်ဇယားကိုတွေ့ရမှာဖြစ်ပါတယ် ။ မနက် ၆ နာရီခွဲလောက်ကစပြီးတော့ သူတို့ရဲ့ Activity တွေ ကို ရေးထားတာတွေ့ရပါတယ်။ အစီအစဉ်တွေကိုလည်း အကြမ်းဖျဉ်း ရေးပေးထားပါ တယ်။ ဆင်စခန်းကို လာလည်မယ်ဆိုရင်တော့ ဒီအထဲမှာ ကိုယ်စိတ်ဝင်စားမယ့် အစီအစဉ်ရှိတဲ့ အချိန်မျိုးကို ခန့်မှန်းပြီးတော့ လာလို့ရပါတယ်။ အဲဒီမှာပဲ ပြည်တွင်း ပြည်ပ ဝင်ကြေးတွေလည်း ရေးထားပေးပါတယ်။

ဆင်တွေကိုအရွယ်စုံတွေ့ရပြီး သူတို့ကို နတ်မြားလို့ခေါ်တဲ့ တံမြက်စည်းပင်တွေကို အဓိကထား ကျွေးပြီး ငှက်ပျောသီးနဲ့ ကြံကိုတော့ နေ့လယ်ပိုင်းမှာ ကျွေးတယ်လို့ ဆင်ထိန်းတစ်ယောက်က   ပြောပါတယ် ။ ဆင်တွေရဲ့ Activity တွေထဲမှာ ဆင်တွေဟာ တစ်နေ့ကို နှစ်ကြိမ်ရေချိုးပြီး ဆင်အငယ် လေးတွေ ဆင်ပေါက်စလေးတွေက အရင်ချိုးကာ ဆင်အကြီးတွေက နောက်မှ ဆင်ဦးစီးတွေကိုယ်တိုင် ရေချိုးပေးတာဖြစ်တယ်လို့လည်း သိရပါတယ် ။ဆင်ပေါက်စလေးတွေဆိုပေမယ့် သန်သန်မာမာပဲတွေ့ ရပါတယ် ။သူတို့လေးတွေကို ရေချိုးပေးရတာ တစ်နာရီလောက်ကြာပါတယ် ။ သူတို့တွေချိုးပြီးတော့မှ ဆင်ကြီးတွေကို ဆင်ဦးစီးတွေကိုယ်တိုင် ဆင်ကြီးတွေရဲ့အပေါ်ကနေထိုင်ပြီး ရေထဲဆင်းကာ ရေချိုးစေ တာပဲ ဖြစ်ပါတယ် ။

ဆင်အကြီးကြီးတွေကိုတော့ ခုနကဆင်လေးတွေ ရေချိုးပေးသလို ဆင်ခန္ဓာကိုယ်ကိုလက်နဲ့ ပွတ်တိုက် ပြီးတော့ ချိုးပေးဖို့ မလွယ်ကူတော့ဘဲ အရေပြားတွေလည်း ထူသွားပြီ ဖြစ်တာကြောင့် အရေပြားဟာ ကြမ်းသွားပြီဆိုတော့ သူတို့ကို သေသေချာချာ ဒိုးနွယ်ပင်ရဲ့ အခေါက်နဲ့ု ရေနဲ့  နှူးပြီးတော့ တိုက်ပေး လိုက်လို့ရှိရင် ဆပ်ပြာလိုပဲ အမြှုပ်ထွက်တယ်လို့သိရပါတယ် ။ အဲဒီလို ဆင်တွေရေချိုးတာကို ဓာတ်ပုံ တွေ တစ်ဖျတ်ဖျတ်ရိုက်နေကြတာကတော့ နိုင်ငံခြားသားခရီးသွားတွေပဲ ဖြစ်ပါတယ် ။ကျွန်တော်တို့ တွေ့နေရတာကတော့ ကနေဒါနိုင်ငံသားတွေလို့ သိရပါတယ် ၊ အမေရိကတိုက်က လူမျိုးတွေပါ ။  သူတို့ ဆီမှာ တိရစ္ဆာန်ရုံမှာကလွဲရင် ဆင်ကို မမြင်ဖူးပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အမေရိကတိုက်မှာ ဆင် လုံးဝမရှိပါဘူးတဲ့ ။ အာဖရိကနဲ့ အာရှမှာပဲ ဆင်တွေရှိတာဆိုတော့ အခု မြန်မာပြည်ကို ရောက်နေတာ ၂၂ ရက်ရှိနေပြီး ဆင်စခန်းတွေကို သူတို့ အဓိကထားပြီး လေ့လာတာပါတဲ့ ၊ အဓိက ကတော့ ဆင်တွေကို သဘာဝကျကျ ထိတွေ့ခွင့်ရဖို့အတွက် သူတို့လာရောက်လေ့လာခြင်းဖြစ်တယ် လို့ သိရပါတယ် ။ သူတို့ အရမ်းကို ပျော်နေပါတယ်တဲ့ဗျာ ။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly