မာန်အောင်တွင် ဝေလငါး အသေတစ်ကောင် ထပ်မံတွေ့ရှိ

မာန်အောင်တွင် ဝေလငါး အသေတစ်ကောင် ထပ်မံတွေ့ရှိ
ဇန်နဝါရီ ၂ ရက်နေ့ညက ရခိုင်ကမ်းရိုးတန်းတွင် ထပ်မံတွေ့ရှိခဲ့သော ဝေလငါးအား တွေ့ရစဉ် (ဓာတ်ပုံ - RiA)

 

မာန်အောင်၊ ဖေဖော်ဝါရီ ၃ ရက်။                ။ ရခိုင်တောင်ပိုင်း ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သော မာန်အောင်မြို့နှင့် ၂၇ မိုင် ကွာဝေးသည့် ဘုတ်မျက်တောကျေးရွာ အနီး ပင်လယ်ကမ်းခြေတွင်   ဝေလငါးတစ်ကောင် သေဆုံးလျှက် ထပ်မံ တွေ့ရှိရကြောင်း ငါးဦးစီးဌာနက ပြောသည်။

ထိုငါးမှာ အလျား ၄၃ ပေ၊ လုံးပတ် ၂၅ ပေ၊ မေးရိုး ၁၀ ပေ ရှည်လျားပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့မှာ ပျက်စီးနေပြီဖြစ်သည်။ ယင်းဝေလငါးကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဘုတ်မျက်တောရွာအနီး ကမ်းခြေမှာပေါ့။ ဝေလငါး အသေတစ်ကောင်ပေါ့နော်။ ခေါင်းက ပျက်စီးနေတာ။ ခန္ဓာကိုယ်လည်း ပျက်စီးနေတာ။ နောက်ပြီး အမြီးကလည်း ပျက်စီးနေတာ။ အဲဒီငါးကို မြှေမြှပ်ပြီးတော့ အရိုးတွေကို ထိန်းထားဖို့ပေါ့နော်”ဟု မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးကြည်ဝင်းက RiA သို့ ပြောသည်။

ထိုမာန်အောင်မြို့နယ်၊ အိုးဝအုပ်စု၊ ကံလက် ကျေးရွာကမ်းခြေတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း အလျား ပေ၂၀ ၊ လုံးပတ် ၁၅ ပေ၊ မေးရိုး ၅ ပေ ၅ လက်မရှိသော ဝေလငါးတစ်ကောင် တွေ့ရှိခဲ့သည်။

အလားတူစွာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ခအုန်းမော်ကျေးရွာ ပင်လယ်ကမ်းစပ်တွင် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က အလျား ၂၂ ပေ ၃ လက်မ၊ လုံးပတ် ၈ ပေ ၂ လက်မ၊ ဘေးယပ် ၃ ပေ၊ အမြီး ၃ ပေ ၄ လက်မ၊ ဦး ခေါင်း ၅ ပေနှင့် အလေးချိန် ၂ တန်ရှိသည့် အနက်ရောင် ဝေလငါးကြီးတစ်ကောင် အသက် ရှင်လျှက်သောင်တင်နေသည်ကို ပြန်လည် လွှတ်ပေးခဲ့သည့်အတွက် ပထမဆုံးအကြိမ်လွှတ်ပေးနိုင်ခဲ့ခြင်းဟု မြန်မာ့ငါးလုပ်ငန်းသမိုင်းတွင် တွင်ခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း ပင်လယ်ကမ်းစပ် အနီးတဝိုက်တွင် ပင်လယ်ဘေးမဲ့ ငါးအမျိုးအစားများအား အသက်ရှင်လျှက် သော်လည်းကောင်း သေဆုံးလျှက်သော်လည်းကောင်း ယခုလို မကြာခဏ တွေ့ရှိနေခြင်း ဖြစ်ပြီး နိုင်ငံတော်မှ ၎င်းတို့အား ဖမ်းဆီးခြင်း မပြုရန်နှင့် အသေတွေ့ရှိလျှင်လည်း စနစ်တကျ မြုပ်နှံပေးရန် ညွှန်ကြားထားသော်လည်း သီးခြားဘတ်ဂျက် ချပေးခြင်း မရှိသဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှာ အခက်ကြုံလျက်ရှိနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required