သက်ငယ်မုဒိမ်းကျူးလွန်ခံရသူများအပါအဝင် ပြန်လည်ထူထောင်ရေးကိစ္စများ လူကယ်ပြန် ဆောင်ရွက်မည်

သက်ငယ်မုဒိမ်းကျူးလွန်ခံရသူများအပါအဝင် ပြန်လည်ထူထောင်ရေးကိစ္စများ လူကယ်ပြန် ဆောင်ရွက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။             ။ သက်ငယ်မုဒိမ်းကျူးလွန်ခံရသူများအား ပြန်ထည်ထူထောင်ရေးကိစ္စရပ်များအပါအဝင် လမ်းပေါ်မှကလေးများ၊ ပြည့်တန်ဆာပြန်လည်ထူထောင်ရေးများအား ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြန်လည် ထူထောင်ရေးဦးစီးဌာနကို ဖွဲ့စည်းလိုက်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ အခုဟာက တို့တိ တို့တိနဲ့ ထိရောက်မှုက အားနည်းနေတယ်။ လုပ်တော့လုပ်ကြတယ်ပေါ့နော်။ ပိုပြီး ထိရောက်ဖို့ ဆိုတာ အသက်မွေးဝမ်းကျောင်းတွေ မျှမျှတတ လုပ်ပေးနိုင်ရမယ်။  အဲဒါမှ သံသရာ ပြန်မလည်မှာ လေ။ ခါးပိုက်နှိုက်တဲ့သူက ခါးပိုက်ထပ်မနှိုက်ရအောင် အသက်မွေးဝမ်း ကျောင်းတစ်ခုထဲမှာ လုပ်ဖြစ်သွားမယ်။ စာမကျက်တဲ့ ကလေးကို စာသင်ပေးလိုက်ရမယ်။ အဲဒါမျိုးတွေ လုပ်ရမယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနများရှိပြီး “ ပြန်လည်ထူထောင်ရေးဦးစီးဌာန” အား ဇန်နဝါရီလ ၃၀ ရက်တွင် ထပ်မံတိုးခဲျ့ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါအသစ်ဖွဲ့စည်းလိုက်သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး မသန်စွမ်းသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၊ လိင်ကုန်ကူးခံရသူများ၊ ရင်ခွင်မဲ့ကလေးများ၊ ကလေးစစ်သားများ၊ သက်ငယ်မုဒိမ်းကျူးလွန်ခံရသူများ၊ အမှုရင်ဆိုင်နေရသော ကလေးများ၊ လမ်းပေါ်ရောက်ကလေး များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ နှင့် ပြည့်တန်ဆာ ဆိုင်ရာ ပြည်လည် ထူထောင်ရေးလုပ်ငန်းများ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သောဘေး၊ ဘေးဒဏ်ခံ ပြည်သူများပြန် လည်ထူထောင်မှု ပေးခြင်းတို့ကိုလည်းထိရောက်စွာဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ ပြန်လည်ထူထောင်ရေးဦးစီးဌာနအား ရန်ကုန်တိုင်းဒေသကြီးတွင် နေရာတစ်ခုသတ်မှတ်၍ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“ ဒါကြောင့်မို့ လည်း ကိစ္စက အများကြီးပဲ ပြန်လည်ထူထောင်ရေးမှာ။ ဒါကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီးနဲ့ ပူးပေါင်းပြီးတော့ နေရာတစ်ခုသတ်မှတ်ပြီးတော့ အဲ့ဒီမှာ ပြန်လည်ထူထောင်ရေးစခန်းကြီး ဖွင့်ဖို့ ဆိုတာလည်း လုပ်နေတယ်။ လုပ်မယ်ပေါ့။ အဲဒါမျိုးကြတော့ အကောင်အထည်ဖော်ဖို့က ဦးစီးဌာနတစ်ခုနဲ့ လုပ်တာ ပိုထိရောက်မယ် ” ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနအားလည်း “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန”အဖြစ် အမည်အသစ် ပြောင်းလဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly