မိဘကို ပံ့ပိုးပေးနိုင်လို့ ဂုဏ်ယူလို့ မဆုံးတဲ့ ဖြူဖြူထွေး

By YOPE
02 February 2018
မိဘကို ပံ့ပိုးပေးနိုင်လို့ ဂုဏ်ယူလို့ မဆုံးတဲ့ ဖြူဖြူထွေး

YOPE ပရိသတ်များ အားလုံး ပဲ မင်္ဂလာပါခင်ဗျ။ ဒီတစ်ပတ် Yope Red chair အစီစဉ်မှာ တွေ့ဆုံ မေးမြန်းသွားမယ့် သူကတော့ ဖေ့ဘုတ်ပေါ်မှာ ဗီဒီယိုဖိုင်လေးတွေ တင်ရင်းနဲ့ အားပေးမှုတွေရော ရွံ့ချမူတွေကော တစ်ခဲနက် ရရှိထားတဲ့ ညီမလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။

ပထမဆုံး မေးခွန်းလေးက လူငယ်တွေ အောင်မြင်မှု ရရှိဖို့အတွက် ဆိုရှယ်မီဒီယာကို အသုံးချတာက မှန်တယ်လို့ ညီမလေးအနေနဲ့ ထင်လား။

မှန်တယ်ပေါ့။ တစ်ချို့တစ်ဝက်တော့ မှန်တယ်ပေါ့။ တစ်ချို့ကျတော့ ဖေ့ဘုတ်ကြီးပဲ အားကိုးပြီးတော့ အောင်မြင်မှု လိုက်လို့ မရဘူးလေ။ အခြားစီးပွားရေး နယ်ပယ်ဘက်မှာလည်း ကိုယ့်ဟာကိုယ် အောင်မြင်ဖို့အတွက် ကြိုးစားရမှာ ဆိုတော့ တစ်ချို့တစ်ဝက်လည်း မှန်ပါတယ်ရှင့်။

ညီမလေးက လူတွေကို ရယ်မောအောင် လုပ်ပေးတယ်ပေါ့နော်။ ညီမလေးကိုကျတော့ ရယ်မောအောင် ဘယ်သူက ပြန်ပြီးတော့ လုပ်ပေးလဲ။

ကိုယ့်ကိုကိုယ် လုပ်ပေးတာပေါ့။ ညီမလေးက အိမ်မှာ တစ်ယောက်တည်း နေတဲ့ အချိန်မျိုးဆိုရင် တစ်ယောက်တည်း ပေါ့ပေါ့ပါးပါးပေါ့ ဘာခံစားချက်မှလည်း မရှိဘူး။ ဘာဖိစီးမှုမှလည်း မရှိဘူးပေါ့နော်။ အလုပ်ပြီးတဲ့အချိန်ပဲ ဖြစ်ဖြစ် အိမ်မှာနေရင် သီချင်းဖွင့်ပြီး ကလိုက်တာပေါ့။ ပြီးရင် ငါရှုးများ ရှုးနေပြီးလားလို့ မှန်ကြည့်ပြီး ကိုယ့်ဘာကိုယ် ရယ်မိတာပေါ့။ အဲလိုမျိုး ကိုယ့်ဟာကိုယ် ရယ်တာ ပိုများပါတယ်။ ကိုယ်ကလည်း မိဘနှင့် အတူနေတာ မဟုတ်တော့ သိတယ်မို့လား မိဘက တစ်ခါတလေကျမှ အလည်လာပြီးတော့ ပျော်စရာ ပြောတာမျိုး ရွာက အမှတ်တရလေးတွေ ဖြစ်ပျက်ခဲ့ရတာတွေ ပြန်ပြောပြီးတော့ အဲလို နားထောင်တာမျိုးတွေတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ပြန်ရယ်အောင် လုပ်ဖို့တော့ပိုများတယ်။

ဖြူဖြူထွေကို စောင့်ရှောက်နေတဲ့ နတ်ဆိုးနှင့် နတ်ကောင်း နှစ်ပါး ရှိမယ်ဆိုလို့ ရှိရင် နတ်ဆိုးက ဘာတွေ လုပ်ခိုင်းပြီးတော့ နတ်ကောင်းက ဘာတွေ လုပ်ခိုင်းမလဲ။

နတ်ဆိုးက လူရှေ့သူရှေ့တွေမှာ ဂျွမ်းထိုးခိုင်းတာ ကခိုင်းတာပေါ့နော်။ နတ်ကောင်းကတော့ ညအိပ်ယာ ဝင်ခါနီးဆိုလို့ ရှိရင် ကိုယ့်မိဘကိုယ် ဦးချဖို့ ဘုရားတရား မမေ့ဖို့ အဲလိုမျိုး သတိပေးနေသလိုပဲ ပြီးရင် တရားနားဖို့ကိုလည်း အဲလို အမြဲတမ်းဖွင့်တယ်။ ညီမက မနက်ခင်းလင်းသည့်ထိ တရားဖွင့်တာ တစ်ခါတလေကျရင် တစ်ဝက်နဲ့တင် အိပ်ပျော်တယ်။ တရားမဖွင့်ရင် အိပ်မပျော်ဘူး။ ပြီးရင် မနက်ခင်း အိပ်ယာထ မျက်နှာသစ်ပြီးရင်လည်း ၇ ရက်သားသမီးတွေကို မေတ္တာပို့တယ်ပေါ့နော်။ အဲလိုမျိုး စိတ်တွေက လူကို တောက် ဆိုသလို ထိလိုက်သမျိုး နတ်ကောင်းကပေါ့နော်။ အဲလိုမျိုး အမြဲတမ်း လုပ်ဖြစ်တယ်။

ဖြူဖြူထွေးဟာ ပရိသတ်ကို ဟာသ ရသတွေ ကောင်းကောင်း ပေးစွမ်းနိုင်တဲ့ လူတစ်ယောက် လို့ ထင်လား။

လောလောဆယ်တော့ မထင်သေးပါဘူး။ ကိုယ် အများကြီး ပရိသတ်ကို ပေးဖို့ဆိုတာ လိုပါသေးတယ်။ ဘယ်လိုပြောမလဲ မဆုံးသေးဘူးလို့ ပြောရမှာပေါ့နော်။ အမှန်တိုင်းဆိုရင် ဒီထက် ပိုပျော်စရာ ကောင်းတာတွေ ပြီးလို့ ရှိရင် ကိုယ်နဲ့ တွေ့တဲ့ လူ ဆိုရင်တောင်မှ ကိုယ်နဲ့ တွေ့ချိန် အခိုက်အတန့်လေးမှာ ရယ်အောင် အဲလိုမျိုး အမြဲတမ်း လုပ်ပေးတယ်ပေါ့နော်။ လိုပါသေးတယ်။ နောက်ထပ် အစီစဉ်တွေ နောက်ထပ် ဘယ်လို ပြောမလဲ ရသမျိုးစုံ ခံစားဖို့ နောက်ထပ်လည်း ပရိသတ်တွေကို ချပြအုံးမှာပါလို့။

အနုပညာလောကမှာ အောင်မြင်ဖို့အတွက် အရေး အရည်အချင်းနဲ့ စန်း ဘယ်ဟာက ပိုပြီးတော့ အရေးကြီးလဲ။

နှစ်ခုစလုံးလို့ ပြောရမှာပေါ့နော်။ အမှန်တိုင်း ပြောရရင် ညီမက အနုပညာလောကထဲကို ရောက်ပါစေဆိုတဲ့ စိတ်နဲ့ ဝင်ခဲ့တာ မဟုတ်ဘူး။ သူ့ဟာသူ ဖြစ်သွားတာ ညီမလေးလည်း မတတ်နိုင်ဘူးပေါ့နော်။ ဘယ်လိုပြောမလဲ အစကတည်းက ငါ ဒီအနုပညာ အလုပ်ကြီးကို ဝါသနာပါလို့ အတင်းအဓမ္မ ဝင်ခဲ့တာလည်း မဟုတ်ဘူးပေ့ါနော်။ ဝါသနာတော့ ပါပြီးသား ဒါပေမယ့် ဝင်ဖို့ မကြိုးစားခဲ့ဘူးပေါ့နော်။ ကိုယ့်ဟာကိုယ် ဒီတိုင်းပဲ သူနာပြု အလုပ် လုပ်တယ်။ presenter အလုပ် လုပ်တယ်။ အဲလိုမျိုး အလုပ် လုပ်ရင်းနဲ့ပဲ ကိုယ့်ဟာကိုယ် နေသွားမယ်လို့ စိတ်ကူးထားတယ်ပေါ့နော်။ သူများဝန်ထမ်းဘဝနဲ့ပဲ နေသွားမယ် အဲကနေတစ်ဆင့် ကိုယ်ပိုင် စီးပွားရေး လုပ်မယ်ဆိုပြီးတော့ အဲလိုမျိုး စဉ်းစားထားတာမျိုး ရှိတယ်ပေါ့နော်။ ဒါပေမယ့် နောက်ပိုင်းကျတော့ အဲလိုမျိုး ဝိုင်းဒိုင်း ဆို ဖြစ်သွားတဲ့ အခြေနေမှာ အဓိအားဖြင့် သမီးမှာ ကောင်းတဲ့ အချက်ကတော့ အများကြီး ရှိတယ်ပေါ့ အဲလို ဖြစ်သွားတဲ့ အချိန်မှာ ပုံမှန်ဝင်ငွေ  လစာ နှစ်သိန်းရတယ် ထား အခုဆိုရင် အနုပညာ လုပ်ငန်း လုပ်တဲ့ အခါမှာတော့ ကိုယ့်ရဲ့ အရည်အချင်းကြောင့်လား ဘာကြောင့်လဲတော့ မသိဘူး အနုပညာကြေးက တစ်ရက်နဲ့ ပိုများတယ်ပေါ့နော်။ တစ်လလုံး နေမှ ရတာထက် အဲလို ရှုတင်တွေ ဘာတွေ ရှိရင် သိန်းနဲ့ချီပြီး ဝင်တာ ရှိတယ်ပေါ့နော်။ အဓိက အကောင်းဆုံး အချက်က ကိုယ့်မိဘကို အများကြီး ပို့ပေးနိုင်တဲ့ အချက်ပါ။ အဲဒါကိုတော့ ညီမအနေနဲ့ ဂုဏ်ယူလို့ မဆုံးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly