ပညာရေး၊ ကျန်းမာရေးနဲ့ လူမူရေး ဝန်ဆောင်များရရှိရန် မွေးဖွားမှုမှတ်ပုံတင်ခြင်း အလွန်အရေးပါ

ပညာရေး၊ ကျန်းမာရေးနဲ့ လူမူရေး ဝန်ဆောင်များရရှိရန် မွေးဖွားမှုမှတ်ပုံတင်ခြင်း အလွန်အရေးပါ
Photo: Ye Min/Mizzima

သြဂုတ် ၂၄ ။          ။ မွေးဖွားမှုမှတ်ပုံတင်ခြင်းဆိုင်ရာ တတိယအကြိမ်မြောက် ဆွေးနွေးပွဲတစ်ခုကို အလှူရှင်များ၊ မူဝါဒရေးဆွဲသူများနှင့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူများ တက်ရောက် ၍နေပြည်တော်၌ သြဂုတ် ၂၄ တွင် ကျင်းပနေသည်။

မွေဖွားမှုမှတ်ပုံတင်ခြင်း၏ အရေးပါမှုနှင့် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် မွေးဖွားမှုမှတ်ပုံတင်ခြင်းစနစ်တစ်ခု ပြုလုပ်ရန် ထပ်မံဆောင်ရွက်ရမည်များကို ဆွေးနွေးကြမည်ဖြစ်ဟု ကုလသမဂ္ဂ ကလေး သူငယ်အခွင့်အရေးနှင့် ရန်ပုံငွေ - ယူနီဆက် (မြန်မာ) က ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင် မွေးဖွားသော ကလေးငယ်တိုင်း နီးပါးသည် မွေးဖွားမှုမှတ်ပုံတင်ကြပြီး၊ ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင်မူ မွေးစားရင်းလက်မှတ် မရှိသည်ကို တွေ့ရသည်ဟုလည်း ယူနီဆက် (မြန်မာ) က ဖော်ပြထားသည်။

မွေးဖွားမှုမှတ်ပုံတင်ခြင်း ရာခိုင်နှုန်းပြည့် ရှိစေရမည်ဟူသည့် ဦးတည်ချက်သို့ ရောက်ရှိစေရန် လက်ရှိဆောင်ရွက်နေသည့် အမျိုးသားအဆင့် မွေးဖွားမှုမှတ်ပုံတင်ခြင်း လှုပ်ရှားမှု အစီအစဉ်များ အတွက်ဒေါ်လာ ၁.၅ သန်း ပံ့ပိုးပေးရန် မြန်မာအစိုးရနှင့် ယူနီဆက်တို့မှ အလှူရှင်များ အားနှိုးဆော်တိုက်တွန်းလျှက်ရှိပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က "ပညာရေး၊ ကျန်းမာရေးနဲ့ လူမူရေး အထောက်အပံ့တွေလို အရေးပါတဲ့ ဝန်ဆောင်တွေ ရရှိဖို့အတွက် ကလေးတွေ အားလုံးမွေးဖွားမှုမှတ်ပုံတင်ခြင်းကို ပြုလုပ်သင့်ပါသည်။" ဟု ပြောသည်။

ကလေးများ၏ အသက်အရွယ်ကို သိရှိအတည်ပြုနိုင်ခြင်းသည် ကလေးသူငယ်များအား ကလေးလုပ်သားအဖြစ်စေခိုင်းခံရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများအတွက် တပ်သားအဖြစ်ခေါ်ယူ စုဆောင်း ခံရခြင်း၊ ကလေးငယ်များ လူကုန်ကူးခံရခြင်းနှင့် လက်ထပ်ထိမ်းမြားခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရန် အဓိကကျသည့်အချက်ဖြစ်ပြီး ကလေးသူငယ်များအား တရားစီရင်ရေးစနစ် တွင် ရင်ဆိုင်ဖြေရှင်းနိုင် ရန်လည်း အထောက်အကူဖြစ်စေသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ပြည်သူ့ရေးရာမှတ်ပုံတင်ရေးဥပဒေ ပေါ်ပေါက်လာစေရေးကို တိုက်တွန်းဆွေးနွေးကြပြီး အမျိုးသားအဆင့် မွေးစာရင်းမှတ်ပုံတင်ခြင်းစနစ် ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်သူ့ရေးရာမှတ်ပုံတင်အရာရှိ  တစ်ဦးခန့်အပ်တာဝန်ပေးအပ်ဖို့လိုအပ်ကြောင်းလည်း ဆွေးနွေးကြသည်ဟု ယူနီဆက် (မြန်မာ) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မြန်မာနိုင်ငံ၏ မွေးဖွားမှု မှတ်ပုံတင်ခြင်း လုပ်ငန်းများသည် သိသိသာသာတိုးတက်လာနေပြီး မွေးဖွားမှုမှတ်ပုံတင်ခြင်း ပြုလုပ်လာစေရန် ပြည်နယ်နှင့် တိုင်းအဆင့်တွင် ပညာပေးမှုများဆောင်ရွက် ကြကြောင်းလည်း သိရသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ပညာပေးလှုပ်ရှားမှုများကြောင့် ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အသက် (၅) နှစ်အောက် ကလေးငယ် ၃,၀၀,၀၀၀ ကျော် မွေးဖွားမှုမှတ်ပုံတင်လာကြသည်ဟု ဆိုသည်။

ကျန်သည့် တိုင်းနှင့် ပြည်နယ် ၈ ခုတွင် မွေးဖွားမှု မှတ်ပုံတင် မတင်ရသေးသော ကလေးငယ် ၁ သန်း အတွက် ရည်မှန်းပြီး မွေးဖွားမှုမှတ်ပုံတင်ခြင်း ပညာပေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများ ရှာဖွေနေခြင်းဖြစ်ပြီး ထိုမှသာ ရာခိုင်နှုန်းပြည့်မွေးဖွားမှုမှတ်ပုံတင်ခြင်း ဦးတည်ချက်သို့ နီးစပ်လိမ့်မည်ဟု ယူနီဆက် (မြန်မာ) က ထုတ်ပြန်ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံအနှံ့ မွေးဖွားမှုမှတ်ပုံတင်ခြင်း လွှမ်းခြုံနိုင်မှုသည် ၂၀၀၉-၂၀၁၀ တွင် ၇၂ ရာနှုန်းရှိရာမှ ယခုအခါ ၇၉ရာနှုန်းနီးပါး အထိ တိုးတက်လာသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယူနီဆက်-မြန်မာသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီမှစ၍ ဥရောပသမဂ္ဂရန်ပုံငွေဖြင့် မွေးဖွားမှုမှတ်ပုံတင်ခြင်းစီမံချက်ကို မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေရှိသည်။ မွေးဖွားမှုမှတ်ပုံတင်ခြင်းစနစ်များ ပိုမိုအားကောင်းလာစေရန် နည်းပညာဆိုင်ရာကူညီပံ့ပိုးခြင်း၊ နိုင်ငံတော်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်တို့တွင် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည်။

ထို့အပြင် မွေးဖွားမှုမှတ်ပုံတင်ခြင်းကို အီလက်ထရောနစ်စနစ် အသုံးပြုခြင်းကို တိုင်းနှင့် ပြည်နယ်အားလုံးတွင် အကောင်အထည် ဖေါ်နေပြီး ယခုအထိ မြို့နယ်ပေါင်း ၃၃၀ အနက် ၄၄ မြို့နယ်တွင် ချိတ်ဆက်အသုံးပြုနေပြီဟု ဆိုသည်။

ယူနီဆက်-မြန်မာ၏ ဌာနေကိုယ်စားလှယ် မစ္စတာဘာထရိန်ဗိန်းဘဲလ် က မြန်မာအစိုးရ၏ အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြု လိုက်ပြီး "ပြုပြင်ပြောင်းလဲမှုများကို ကလေးသူငယ်များ အထိရောက် ရှိစေရန်  မွေးဖွားမှုမှတ်ပုံတင်ခြင်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုသည် အလွန်အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။" ဟု ပြောဆိုသည်။

ယူနီဆက်သည် မြန်မာနိုင်ငံတွင် ၁၉၅၀ မှ စတင်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ အရက်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကလေးသူငယ်အသေအပျောက်နှုန်း လျော့ချရေး၊ အဆင့်မှီ ပညာ သင်ကြားနိုင်ရေး၊ ကလေးသူငယ်များအား အကြမ်းဖက်မှု၊ မတော်မတရားပြုမှုနှင့် အမြတ်ထုတ်ခြင်းမှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖေါ်ကူညီဆောင်ရွက်နေသည်။

Ref; UNICEF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly