အောင်ဝင်းဇော်အပါအဝင် ၃ ဦးကို စွဲချက်မတင်မီ အမှုမှလွှတ်ပေးရန် တောင်းဆိုထား

အောင်ဝင်းဇော်အပါအဝင် ၃ ဦးကို စွဲချက်မတင်မီ အမှုမှလွှတ်ပေးရန် တောင်းဆိုထား

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂ ။              ။ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ကို စွဲချက်မတင်မီ အမှုမှ လွှတ်ပေးရန် တရားခွင်တွင် တောင်းဆိုခဲ့ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ခိုင်က ပြောသည်။

 ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးကို ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးတွင် ၄၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေများ စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည့်အတွက် အမှုအား စွဲချက်တင်ရန် တရားခွင်တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ကြသည်။

 ထိုသို့ လျှောက်လဲချက်များပေးခဲ့ရာတွင် အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်ဘက် လိုက်ပါဆောင်ရွက်ပေး နေသည့် တရားလွှတ်တော်ရှေ့နေဦးအောင်ခိုင်က ၎င်းတို့ကို စွဲချက်မတင်မီ အမှုမှ လွှတ်ပေးရန် တောင်း ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့က တောင်းဆိုရတာပေါ့ဗျာနော်။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို နာခံရမှာပေါ့။ ကျွန်တော်တို့ က လည်း ကိုယ့်ဘက်က၊ ကိုယ်ဆိုက်က မြင်တာတော့ ရဲရှေ့အစစ်ခံချက်တို့၊ သတင်းစာရှင်းလင်းပွဲက ပြောတယ် ဆိုတဲ့အချက်တွေ ဒါတွေပဲ ထွက်နေကြတာ၊ သူတို့ကိုယ်တိုင်မြင်တယ်ဆိုတာလည်းမပါတော့ဘူး။ ကြည်လင်း သေနတ်ပစ်တာက လွဲလို့နော်။   ရောသွားမှာကြောက်လို့။ လေယာဉ်ကွင်းမှာ ပစ်တာခတ်တာတော့ မြင်တဲ့သူ အများကြီးဗျ။ လဲသွားတာအများကြီး။ ထွက်ပြေးတာအများကြီး။ အဲ့ဒီအပိုင်းကို ကျွန်တော်ပြောတာ မဟုတ်ဘူး ရောသွားမှာကြောက်လို့။ ဒီဘက်ပိုင်း အောင်ဝင်းဇော်တို့၊ အောင်ဝင်းထွန်းတို့၊ ဇေယျာဖြိုးတို့ ဒီအမှုနဲ့ ဘယ်လို ပတ်သက်ပါဝင်တယ်ဆိုတာကိုတော့ ရုံးမှာစစ်တဲ့သက်သေတွေ တစ်ဦးတစ်ယောက်ကမှ ထွက်ထားတာမရှိဘူး။ သူတို့အိမ်သွားသိမ်းတော့ သက်သေခံပစ္စည်းတွေမှာလည်း ပတ်သက်ကြောင်း အထောက်အထားမတွေ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ကတော့ လောအရ၊ ဥပဒေအရ ဒါကတော့ စွဲချက်မတင်ခင် လွှတ်ပေးပါပေါ့ဗျ”ဟု ဦးအောင်ခိုင်ကပြောသည်။

 ထိုသို့ အောင်ဝင်းဇော်အပါအဝင် ၃ ဦးမှာ တရားလိုပြသက်သေ ၇၂ ဦးထိ စစ်ဆေးပြီးစီးခဲ့သော်လည်း အမှုနှင့် ပတ်သက်သည့် သက်သေအခိုင်အမာမပြနိုင်ဟု ပြောဆိုမှုများသည် မိုးကြိုးပစ်သည်ကို ထန်းလက်နှင့် ကာနေ သည့် အဆင့်သာဖြစ်ကြောင်း ရှေ့နေဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် တရား လွှတ်တော် ရှေ့နေ ဦးနေလက ပြောသည်။

 “ သူတို့ ကျူးလွန်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ကြည်လင်းက ဝန်ခံတယ်။ ဒီပြစ်မှုတွေကျူးလွန်တယ်။ လူသတ် တယ်။ လက်နက်တွေအားလုံးက သူလက်ထဲကမိတယ်။ ဒါမျိုးတွေဝန်ခံတယ်။ သူတို့ကဘာလုပ်နေလဲဆိုတော့ ကြည်လင်းရဲ့ရှေ့နေက အောင်ဝင်းဇော်တို့၊ အောင်ဝင်းခိုင်တို့ ဇေယျာဖြိုးတို့ကို သူတို့က ကိုယ်လွတ်ရုန်းပေးနေ တယ်။ သူတို့မှာဘာအပေးအယူရှိသလဲ စဉ်းစားစရာရှိပါတယ်။ အန်ကယ့်ဘက်က ပြောချင်တာကတော့ ဒီနေ့ အားလုံးကို ကြည့်ရင်မယ်ဆိုရင် လျှောက်လဲချက်တွေ တင်မလား၊ မတင်လားဆိုတာက ဥပဒေနဲ့အညီ ဆောင် ရွက်မယ့် တရားရုံးက လာမယ့်ရုံးချိန်းမှာ အမိန့်ချပါမယ်။ ဒီနေ့တစ်နေ့လုံးရဲ့ လျှောက်လဲချက်အားလုံးကို ခြုံငုံပြီး တော့ ပြောမယ်ဆိုရင် တရားခံတွေဘက်ကနေပြီးတော့ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာတဲ့ အဆင့်ပဲရှိပါ သေးတယ်လို့ ဆရာပြောချင်ပါတယ်”ဟု ဦးနေလက ပြောသည်။

 ကြည်လင်းအပါအဝင် ၄ ဦးအား စွဲချက်တင်၊ မတင်နှင့် ပတ်သက်ပြီး လာမည့်ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ခရိုင်တရားသူကြီးက အမိန့်ချမည်ဖြစ်ပြီး ကြည်လင်းအား တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)နှင့် အငှားယာဉ်မောင်းဖြစ်သူ ဦးနေဝင်းအားသတ်မှု ပုဒ်မ- ၃ဝ၂(၂)ဖြင့် စွဲချက်တင်ရန် အစိုးရရှေ့နေဘက်မှ လျှောက်ထားခဲ့ကြောင်း သိရသည်။

 ထို့ပြင် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ- ၃ဝ၂(၁) (ခ)အား ကျူးလွန်ရာတွင် အားပေးကူညီမှုပုဒ်မဖြစ်သည့် ၃၄ ဖြင့် စွဲချက်တင်ရန် တရားခွင်တွင် အစိုးရရှေ့နေက လျှောက်ထားခဲ့သည်။

 အဆိုပါ လုပ်ကြံမှုမှာ ပြီးခဲ့သည့် ၂ဝ၁၇ နှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေး ဦးကိုနီအား ကြည် လင်းက အနီးကပ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက် ပေးခဲ့သော အငှားယဉ်မောင်းကိုနေဝင်းပါ သေနတ်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

 လက်ရှိတွင် ကြည်လင်းအားစွဲဆိုထားသော လက်နက်မှုနှင့် ကြည်လင်းအပါအဝင် ၄ ဦးအား စွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၃၄/၂၁၂ အတွက် တရားလိုပြသက်သေများအားလုံးကို   မြောက်ပိုင်းခရိုင်တရားရုံး တွင် စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required