ထားဝယ် SEZ နှင့် ထိုင်းနယ်စပ် ချိတ်ဆက်မည့်ကားလမ်းစီမံကိန်းကို သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ လုပ်ဆောင်ရန် KNU သတိပေး

ထားဝယ် SEZ နှင့် ထိုင်းနယ်စပ် ချိတ်ဆက်မည့်ကားလမ်းစီမံကိန်းကို သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ လုပ်ဆောင်ရန် KNU သတိပေး

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ။                ။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ချိတ်ဆက်ပေးမည့် နှစ်လမ်းသွားကားလမ်းမ စီမံကိန်းကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ ထိခိုက်ပျက်စီးမှုများ မရှိဘဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကရင်အမျိုးသား အစည်းအရုံး(KNU) က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။

အစိုးရနှင့် KNU လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လုပ်ဆောင်ရာတွင် KNU နှင့် တိုင်ပင် ဆွေးနွေးညှိနှိုင်းရမည် ဟု KNU ဘက်က ဆိုသည်။

အဆိုပါ ဖောက်လုပ်မည့် လမ်းမကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဒီဇိုင်းရေးဆွဲရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်မည့် သစ်တောမြေနေရာများ ၊ မြစ်ချောင်းများနှင့် ဇီဝမျိုးကွဲများအပြင် ကရင်လူမျိုးများ၊ အခြားတိုင်းရင်းသားလူမျိုးများ နေထိုင်သည့် မြေနေရာများကို ရှောင်ရှားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးမှု နည်းပါးအောင် ပြုလုပ်ခြင်း စသည့် အစီအစဉ်များ ပါဝင်ရမည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်( Dawei Special Economic Zone ) ၏ အဓိကအစိတ်အပိုင်းဖြစ်သည့် အဆိုပါ လမ်းမကြီးကို ထိုင်းနိုင်ငံအစိုးရမှ ရရှိသည့် ချေးငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး ချေးငွေရယူ တည်ဆောက်နိုင် ရေးအတွက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးထားသည် သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနယ်စပ်သို့ ဖောက်လုပ်မည့် ကားလမ်းမ ဖောက်လုပ်ရာတွင် သဘာဝ ပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာကိစ္စများအား ထည့်သွင်း စဉ်းစား၍ ပူးပေါင်းဆောင်ရွက်ရန် အချက်များ ပါဝင်သည့် (MOI) ကို ၂၀၁၅ ခုနှစ်အတွင်း၌ မြန်မာ- ထိုင်း- ဂျပန်တို့မှ ပူးပေါင်း လက်မှတ်ရေးထိုးထားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘက်မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ စီမံကိန်းလုပ်ဆောင်ရာ တွင် ဒေသခံပြည်သူများ ဆုံးရှုံးသွားသည့် မြေယာများနှင့် အသက်မွေးဝမ်းကျောင်းများအတွက် မျှတသည့် လျော်ကြေးများပေးခြင်းအပြင် ဒေသခံများအတွက် ဈေးကွက်များ ဖော်ဆောင်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များအတွက်ထောက်ပံ့ပေးခြင်းများ ပြုလုပ်ရမည်ဟု ပါရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြောက်ဘက်တွင် မွန်ပြည်နယ်၊ အရှေ့ဘက်နှင့် တောင် ဘက်၌ ထိုင်းနိုင်ငံ နှင့် အနောက်ဘက်တွင် အက်ဒမန်ပင်လယ်တို့နှင့် ထိစပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required