‘ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုပါ’ ~ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဇေး်လ်

‘ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုပါ’ ~ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဇေး်လ်
(ဓာတ်ပုံ - အိုဇေးလ်/Twitter)

အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့တယ်လို့ ပရီးမီးယားလိဂ်အသင်းက ကြာသပတေးနေ့က ကြေညာခဲ့တာကြောင့် မန်ယူနှင့် ပီအက်စ်ဂျီအသင်းတွေဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ယခင်စာချုပ်သက်တမ်းအရ ဇွန်လမှာ ကုန်ဆုံးမယ့် အသက် ၂၉ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ကစားသမားဟာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ နဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်က ရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့နောက်ပိုင်း ဂန်းနားတို့အတွက် ၁၈၂ ပွဲကစား၊ ၃၆ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၆၁ ကြိမ်ပြုလုပ်ခဲ့ပြီး အက်ဖ်အေဖလား ၃ လုံး ဆွတ်ခူးခဲ့ပါတယ်။

“ဂုဏ်ယူစွာနဲ့ ကြေညာလိုပါတယ် … ကျနော် အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး အသင်းမှာ ၃ နှစ်ဆက်ရှိသွားမှာပါ။ ဒီစာချုပ်သစ်ချုပ်ဆိုခဲ့တာဟာ ကျနော့်ရဲ့ ကစားသမားဘဝမှာ အရေးပါဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။”လို့ အိုဇေးလ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို ဒေါ့မွန်အသင်းမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်း ခေါ်ယူပြီးနောက်တစ်နေ့မှာ အိုဇေးလ်ကို စာချုပ်သက်တိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required