ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းသို့ မီးလောင်စေသည့်ဖန်ပုလင်းပစ်ခဲ့သူအား ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်စုံစမ်းနေ

ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းသို့ မီးလောင်စေသည့်ဖန်ပုလင်းပစ်ခဲ့သူအား ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်စုံစမ်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁ ။            ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ဖြစ်သည့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း ၊ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေသည့် ပုလင်း ပစ်ပေါက်ခဲ့သည့်သူအား အရေးယူရန် ဗဟန်းမြို့မရဲစခန်း (ပ) ၆၄/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ဗဟန်းမြို့နယ်၊ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ရှိ ခြံဝန်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့သဖြင့် ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တစ်ချောင်းမှာ မီးစွဲလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“ ၆ နာရီနဲ့ ၆နာရီခွဲကြားလောက်ပေါ့။ ဝေလီဝေလင်းအချိန်မှာ ဟုတ်ပါတယ်ခင်ဗျ။ ဓာတ်ဆီပုလင်းက တစ်လုံးထဲ။ မီးရှို့ပြီးပစ်လိုက်တာပေါ့။ ဝါးရုံတောကိုနည်းနည်း စွဲလောင်သွားတာပေါ့ ” ဟု ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးသောင်းထွဋ်က မဇ္ဈိမသို့ အတည်ပြုပြောထားသည်။

ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍာန်မှာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ် ၅ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ ပုဆိုးဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၊ ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှပ်ပန်းရောင်၊ ပလေကပ်လုံချည်အပြာကွက်ကျဲ ဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ နေ့လည် ၁၂နာရီ ၄၀ မိနစ်ခန့်တွင် ထုတ်ပြန်သည်။

လတ်တလောတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း နေအိမ်တွင် မရှိသည့်အပြင် မည်သူမျှဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် သတင်းတစုံတရာ ရရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၁၉၉ ၊ ‎၀၁-၂၃၂၃၁၉၉၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎၀၁-၈၆၁၀၆၈၂၊ ‎၀၉-၅၂၄၁၄၄၉ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၁-၃၈၆၆၉၄ ၊ ‎၀၉- ၅၂၄၀၁၂၂၊ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၅၆၂၁၀၄၂ ၊၀၉- ၄၂၂၅၂၃၇၂၂၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၁-၆၄၅၈၂၃ ၊ ၊ ၀၉- ၂၅၃၇၃၁၆၆၇ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ‎ ၀၁- ၅၄၅၅၉၅ ၊ ‎၀၉ - ၄၀၂၇၅၂၇၃၅၊ ဗဟန်းမြို့မရဲစခန်း ‎ ၀၁- ၅၅၄၆၃၀ ၊ ၀၉ - ၄၃၁၈၂၈၁၆သို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required