အွန်နရီ၏ခြေရာကို နင်းလိုဟု အူဘာမီယန်းဆို

အွန်နရီ၏ခြေရာကို နင်းလိုဟု အူဘာမီယန်းဆို

ဖေဖော်ဝါရီ ၁၊ လန်ဒန်။            ။ အာဆင်နယ်ဂန္ထဝင်ကစားသမားအွန်နရီ၏ ကျောနံပါတ် ၁၄ ကိုဝတ်ဆင်ခွင့်ရထားသည့် အူဘာမီယန်းက အွန်နရီကဲ့သို့ အောင်မြင်လိုသည်ဟု ပြောသည်။

ဒေါ့မွန်မှ ပေါင် ၅၆ သန်းဖြင့်ပြောင်းလာသည့် အူဘာမီယန်းသည် အမ်းမရိတ်စ်တွင် ကျောနံပါတ် ၁၄ ဝတ်ဆင်မည်ဖြစ်သည်။ အာဆင်နယ်၏သမိုင်းကြောင်းက အသင်းပြောင်းလာရခြင်း၏ အဓိကအချက်ဖြစ်ပြီး တိုက်စစ်မှူးဟောင်းအွန်နရီကလည်း ၎င်း၏ ခြေရာကိုနင်းနိုင်ရန်ကူညီပေးနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ၂၈ နှစ်အရွယ်ကစားသမားက ဆိုသည်။

“ကျွန်တော်ဒီကိုရောက်လာလို့ သိပ်ပျော်တယ်လို့ အရင်ဆုံးပြောချင်ပါတယ်။ ပြီးတော့ မစ်ခီတာယန်နဲ့လည်း ပြန်ဆုံပြီ။ ဒီလို အသင်းကြီးမျိုးမှာကစားရတော့မှာဖြစ်လို့ သိပ်ဝမ်းသာပါတယ်။

ဒီအသင်းဟာ အွန်နရီလိုကစားသမားမျိုးကစားခဲ့တဲ့ သမိုင်းအစဉ်လာကောင်းတဲ့ အသင်းပါ။ ကျွန်တော်တို့လို တိုက်စစ်မှူးတွေ အတွက် စံနမူနာကောင်းပါပဲ”ဟု အူဘာမီယန်းက အာဆင်နယ်ဝက်ဘ်ဆိုက်သို့ပြောသည်။

ကျောနံပါတ် ၁၄ ကို ဝဲလ်ကော့တ်က နောက်ဆုံးဝတ်ဆင်ခဲ့ပြီး ဇန်နဝါရီအစောပိုင်းတွင် အဲဗာတန်သို့ပြောင်းသွားသဖြင့် ယင်းနံပါတ်မှာလွတ်နေခြင်းဖြစ်သည်။

အူဘာမီယန်း၏ဈေးနှုန်း ပေါင် ၅၆ သန်းမှာ အသင်း၏ပြောင်းရွှေ့ကြေးစံချိန်သစ်ဖြစ်ပြီး စံချိန်ဟောင်းမှာ နွေရာသီတွင် လာကာဇတ်ကိုခေါ်ယူစဉ်ပေးခဲ့ရသည့် ပေါင် ၅၃ သန်းဖြစ်သည်။

ဂါဘွန်လက်ရွေးစင်အူဘာမီယန်းသည် အာဆင်နယ်နှင့် သုံးနှစ်ခွဲစာချုပ်ခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၁၈၀, ၀၀၀ ရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly