ဖြိုးကိုကိုတင့်ဆန်းအမှု တရားလိုရဲမှူးနှစ်ဦးကို စတင်စစ်ဆေး

ဖြိုးကိုကိုတင့်ဆန်းအမှု တရားလိုရဲမှူးနှစ်ဦးကို စတင်စစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ။         ။ ဖြိုးကိုကိုတင့်ဆန်းအား စွဲတင်ထားသော အမှုများအနက် လက်နက်မှု ၂မှု မှ တရားလိုပြ သက်သေ ရဲမှူး နှစ်ဦးကို ဇန်နဝါရီ ၃၁ရက်၊  ၅ ကြိမ်မြောက် ရုံးချိန်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် စတင် စစ်ဆေးခဲ့သည်။

လက်နက်မှု များဖြစ်သည့် “ရာဇဝတ်ကြီးမှု အမှတ် ၁၁၆/၂၀၁၇ က တရားလို ရဲမှူး မင်းအောင် မြင့်ဦးကို စစ်တယ်။နောက်တစ်ခါ ရာဇဝတ်ကြီးအမှတ် ၁၁၇/၂၀၁၇ က တရားလို ဒုရဲမှူးမြင့်စိုးကို စစ်တယ်” ဟု ဟု ဒက္ခိဏခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ရုံးချိန်းအပြီးတွင် မီဒီယာများကို ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော အမှုဖြင့် ၂မှု၊ လက်နက် ဥပဒေဖြင့် အမှု ၂မှု ၊ ဆက်သွယ်ရေးပုဒ်မဖြင့် ၂မှု၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ၂မှု၊ နိုင်ငံတော် အထိန်းအမှတ်တံဆိပ် ဖြင့် ၁မှု၊ ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ၁မှု၊ စသည့် အမှုများဖြင့် ဒက္ခိဏခရိုင် တရားရုံးတွင် စွဲဆိုထားသည်။

ထို့ပြင် အမှုနှင့် ဆက်စပ်သည့် တရားခံပြေး ၂မှုကိုလည်း တရားလို ရဲဘက်က တရားရုံးတွင် စွဲဆိုထားသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရုံးချိန်းအား အပတ်စဉ် ဗုဒ္ဒ္ဓဟူးနေ့တိုင်းတွင် ချိန်းသွားမည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၇ ရက်၆ ကြိမ်မြောက်ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။  

“နောက်တစ်ပတ်ကျတော့မှ နိုင်ငံတော် အထိမ်းအမှတ် ဥပဒေ အရ အရေးယူထားတဲ့ အမှုရယ်၊ နောက်တစ်ခါ ပို့ကုန်သွင်းကုန် ပုဒ်မ(၈)ရယ် အရေးယူထားတဲ့ အမှု ၂မှုကိုပေါ့ ။ နောက်တစ်ချိန်းကျတော့ စစ်ဖို့ချိန်းထားတယ်” ဟု ဒက္ခိဏခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ပြောသည်။

လက်ရှိ ဒက္ခိဏသီရိခရိုင်တရားရုံးတွင် စွဲချက်တင်ထားသည့် ရာဇဝတ်ကြီးအမှုများမှာ နေပြည်တော်တွင် ဖမ်းဆီးရမိသည့်အမှုများနှင့်သာ သက်ဆိုင်ပြီး ရန်ကုန်တွင် ဖမ်းဆီးရမိသည့်ဖြစ်စဉ်များနှင့် သက်ဆိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required