တရုတ်သံရုံးမှ လှူဒါန်းသည့် မြစ်ကြီးနား တရုတ်ဘာသာသင်တန်း ကျောင်းဆောင်သစ် ဖွင့်လှစ်

တရုတ်သံရုံးမှ လှူဒါန်းသည့် မြစ်ကြီးနား တရုတ်ဘာသာသင်တန်း ကျောင်းဆောင်သစ် ဖွင့်လှစ်

ဇန်နဝါရီ ၃၁ ။             ။ တရုတ်သံရုံးမှ လှူဒါန်းသည့် တရုတ်မြန်မာချစ်ကြည်ရေးစာသင်ကျောင်း၊ မြစ်ကြီးနားတရုတ်ဘာသာသင်တန်း ကျောင်းဆောင်သစ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်က ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ လှူဒါန်းသည့် ၂၁ ဆောင်မြောက် ကျောင်းဆောင်သစ်ဖြစ်ပြီး မြစ်ကြီးနား တရုတ်ဘာသာသင်တန်းကျောင်းသည် တရုတ်ဘာသာစကားသင်ကြားနေသော ပထမဆုံး သင်တန်းကျောင်း ဖြစ်ကာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မူလကျောင်းဆောင်သည် ဟောင်းနွမ်းကာ မိုးရေများ ယိုစိမ့်နေသဖြင့် စာသင်ခန်း ၄ ခန်းနှင့် ဆရာ၊ ဆရာမ နားနေခန်း ၁ ခန်း ပါဝင်သည့် ကျောင်းဆောင်သစ်နှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

တရုတ်သံမှူး Mr. Yang Shouzheng က တရုတ်မြန်မာချစ်ကြည်ရေး နက်ရှိုင်းစေရန် မြစ်ကြီးနားဒေသ တရုတ်ဘာသာစကားသင်တန်းကျောင်း စီမံကိန်းများကူညီလျှက်ရှိကြောင်း ပြောသည်။

လက်ရှိတွင် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် “The Belt and Road” မူဝါဒကို အကောင်အထည်ဖော်ကြရန် နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်တည်ဆောက်ရေးတို့တွင် သဘောတူညီချက်များ ရရှိထားကြသည်ဟု ၎င်းက ဆိုသည်။ အနာဂတ်ကာလတွင် တရုတ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရေးကဏ္ဍများတွင် ကူညီသွားမည်ဟု တရုတ်သံမှူး Mr. Yang Shouzheng က ပြောသည်။

အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲတွင် တရုတ်သံမှူး Mr. Yang Shouzheng က တရုတ်အစိုးရမှ လှူဒါန်းသော တရုတ်မြန်မာချစ်ကြည်ရေးပညာသင်ထောက်ပံ့ကြေး ကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းခဲ့သည်။

ဖွင့်ပွဲသို့ မြန်မာနိုင်ငံ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ရဝမ်ရေးရာဝန်ကြီး ဦးရန်နမ်းဖုန်၊ ကချင်ပြည်နယ်စည်းလုံးညီညွတ်ရေးဒီမိုကရေစီပါတီ ဥက္ကဋ္ဌ၊ မြစ်ကြီးနားဒေသ တရုတ်စာပေဘာသာသင်တန်း ကော်မတီနာယက ဦးခက်ထိန်နန်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Mr. Yang Shouzheng ၊ တရုတ်နိုင်ငံ SPIC ဧရာဝတီမြစ်ညာရေအားလျှပ်စစ်ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။

လက်ရှိတွင် ကျောင်းသားကျောင်းသူ ၄၁၀ ဦးက မြစ်ကြီးနားတရုတ်ဘာသာသင်တန်းကျောင်းတွင် တက်ရောက်လျှက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly