အကျဉ်းကျမိခင်နှင့် အတူနေထိုင်သော ကလေးငယ်များအား ဘဝအခွင့်အလမ်းရရှိစေရေးကို ဆောင်ရွက်နေဟု ဆို

အကျဉ်းကျမိခင်နှင့် အတူနေထိုင်သော ကလေးငယ်များအား ဘဝအခွင့်အလမ်းရရှိစေရေးကို ဆောင်ရွက်နေဟု ဆို
စစ်တွေအကျဉ်းထောင်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က မြင်တွေ့ရစဉ် (ဓါတ်ပုံ- RiA)

စစ်တွေ၊ ဇန်နဝါရီလ ၃၁ ရက်။     ။ ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင် ၄ ခုတွင် အကျဉ်းကျနေသည့် မိခင်များနှင့် အတူနေထိုင်သော ကလေးငယ် ၂၃ ဦး အထိရှိပြီး ထိုကလေးငယ်များအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို မဆုံးရှုံးစေရန် ဆောင်ရွက်လျှက်ရှိ ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် မိခင်များနှင့် အတူနေထိုင်သည့် ကလေးငယ်များမှာ စစ်တွေအကျဉ်းထောင်တွင် ကျား ၃ ဦးနှင့် မ ၆ ဦး၊ ဘူးသီး တောင်အကျဉ်းထောင်တွင် ကျား ၆ ဦးနှင့် မ ၄ ဦး၊ ကျောက်ဖြူအကျဉ်းထောင်တွင် မ ၂ ဦး၊ သံတွဲအကျဉ်းထောင် တွင် မ ၂ ဦး စုစုပေါင်း ၂၃ ဦးရှိကြောင်း ရခိုင်ပြည် နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းက ပြောသည်။

“အမျိုးသမီးတစ်ဦးရဲ့ ကလေးငယ်ဟာ ပြင်ပမှာ ထိန်းသိမ်းစောင့်ရှောက်မဲ့သူ မရှိဘူး။ မိခင်ဖြစ်သူက ထောင်ထဲမှာပဲ ထားချင်တယ်။ ဆန္ဒရှိတယ်ဆိုလို့ရှိရင် အသက် ၄ နှစ်အထိကို  မိခင်နှင့်အတူ နေထိုင်ခွင့်ပြုထားပါတယ်။”ဟု ဦးဝင်းနိုင်လင်းက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များတွင် လက်ရှိအချိန်ထိ အကျဉ်းထောင်ကျနေသော ကလေးငယ်အကျဉ်းသား တစ်စုံတစ်ဦးမှ မရှိသေးကြောင်းလည်း သိရှိရသည်။

တခြားပြည်နယ်များတွင် အကျဉ်းထောင်ကျနေသော မိခင်နှင့် အတူနေထိုင်သည့် အသက် (၃) နှစ်အောက် ကလေးငယ်များကို အပြင်မူကြိုကျောင်းများတွင် ပညာသင်ကြားပေးသော်လည်း ရခိုင်ပြည်နယ်မှာ ထောင်တွင်း ဆိုင်ရာဝန်ထမ်းများကသာ ပညာသင်ကြားပေးနေကြောင်းလည်း ၎င်းကဆိုသည်။

“တစ်ချို့ထောင်တွေမှာဆိုလို့ရှိရင်လည်း ကလေးသူငယ်အရေအတွက်မှာ မူတည်ပြီး အပြင်မူကြိုတွေမှာ ထားတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ကွပ်ကွဲရေးမှူး လက်အောက်မှာရှိတဲ့   ထောင်တွေမှာတော့ ထောင်ထဲမှာပဲ သက်ဆိုင်ရာ ဝန်ထမ်းဆရာတွေက ဦးစီးပြီး သင်ကြားပေးတယ်။”ဟု ဦးဝင်းနိုင်လင်းက ပြောသည်။

အဆိုပါကလေးငယ်များအား သူတို့၏ ဘဝအနာဂတ်နှင့် ပညာရေးကိစ္စရပ်များအပြင် ကျန်းမာရေးနှင့် ပတ်သက်သော အသိပညာပေးမှုများ၊ ဂါရဝတရားနှင့်ပတ်သက်ပြီး သင်ကြားပေးမှုများကိုပါ ပြုလုပ်ပေးလျှက် ရှိကြောင်းလည်း အကျဉ်းဦးစီးဌာနက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly