ထောင်ကျအကျဉ်းသား ဝန်နဲ့အားမမျှ အကျဉ်းသားတစ်ဦးလျှင် TV တစ်လုံးစာနေရာမှာ အိပ်နေရ

ထောင်ကျအကျဉ်းသား ဝန်နဲ့အားမမျှ အကျဉ်းသားတစ်ဦးလျှင် TV တစ်လုံးစာနေရာမှာ အိပ်နေရ
အင်စိန်ဗဟိုအကျဉ်းထောင်(ဓာတ်ပုံ- သူရ/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ မြန်မာတစ်နိုင်ငံလုံးက အကျဉ်းထောင်/စခန်းပေါင်း ၉၃ခုမှာ အကျဉ်းသား၊ အချုပ်သားတွေဟာ ဝင်ဆံ့တဲ့ ပမာဏာထက် အရမ်းများနေပါတယ်။ အကျဉ်းထောင်/စခန်း စုစုပေါင်းဟာ လူဦးရေ ၆၆၀၀၀ပဲ ဝင်ဆံ့တယ်လို့ တရားဝင်သတ်မှတ်ထားပေမယ့် လက်ရှိမှာတော့ အကျဉ်းသားဦးရေ တစ်သိန်းနီးပါး ရှိနေပါတယ်။ ဒီပမာဏဟာ ထောင်ဝန်ထမ်းတစ်ယောက်က အကျဉ်းသားဦးရေ ၂၀၀လောက်ကို ထိန်းသိမ်းနေရတယ်လို့လည်း အချိုးချလို့ ရပါတယ်။

ဒီလို ထောင်ထဲမှာ လူဝင်ဆံ့တဲ့ အနေအထားထက် များနေတာကြောင့် အကျဉ်းသားတွေဟာ အိပ်ဖို့ ကျော်တခင်းစာအတွက်တောင် အခက်အခဲရှိနေတဲ့ အနေအထားအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ နာမည်ကျော်စောခဲ့တဲ့ မြန်မာ့အကျဉ်းထောင်တွေရဲ့ လက်ရှိအနေအထားကို ကိုယ်တိုင်သွားရောက်ပြီး စစ်ဆေးနေတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဦးယုလွင်အောင်ကို မဇ္ဈိမသသတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ဝင်ဆံ့တဲ့ အင်အားထက် အကျဉ်းသား၊ အချုပ်သားတွေက အရမ်းများနေတယ်လို့ ကြားရပါတယ်။ ဘယ်လို အနေအထားရှိပါလဲ ခင်ဗျာ။

ဖြေ။ ။ ဝင်ဆံ့နိုင်တဲ့ အင်အားထက် မတရားများနေတာပေါ့လေ။ အခုလည်း ကျွန်တော် ရွှေဘို အကျဉ်းထောင်ကို ရောက်နေတာ။ ဒီမှာလည်း တစ်ကယ်ဝင်ဆံ့တာက ၁၀၀၀ ၊ ရှိနေတဲ့ အကျဉ်းသားက ၂၂၀၀ ကျော်လောက် ရှိတယ်။

မေး။ ။ ဒီလို မမျှတဲ့အခါကျတော့ အကျဉ်းသားတွေအတွက် ဘယ်လို အခက်အခဲတွေ ရှိနေပါလဲ ခင်ဗျာ။

ဖြေ။ ။ နံပါတ်တစ် အခက်အခဲကတော့ အိပ်ဖို့နေရာ တော်တော့ကို ကြပ်သွားတာပေါ့။ လူတစ်ယောက်ကို ၂၀လက်မ၊ ၂၁လက်မလောက်ပဲ ရတော့တာပေါ့လေ။ တစ်ကယ်တမ်းကျတော့ လူတစ်ယောက်က ၃ပေလောက်မှ လုံလုံလောက်လောက် အိပ်လို့ရတာကိုး။ အဲ့တော့ ၂ပေခွဲလောက်ရရင်ကို မဆိုးလှဘူးလေ။ အခုဟာက လက်မ ၂၀လောက်ပဲ ရတဲ့အခါကျတော့ အကျဉ်းသားတွေမှာ တအား ကြပ်တည်းပြီးတော့ ကျန်းမာရေးအတွက်ပါ စိုးရိမ်ရတာပေါ့ဗျာ။

 နောက်တစ်ခုကကျတော့ ဘာပြဿနာရှိလည်းဆိုတော့ ရေချိုးရတာ ရေမလုံလောက်တော့ဘူး။ အဲ့တော့ ခွက်ချိန်နဲ့ ချိုးရတော့ ဆပ်ပြာမစင်တာတို့ဘာတို့ဖြစ်ပြီး အသားတွေယားတာတွေ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာတာပေါ့လေ။ ဒါက အကျဉ်းသားတွေ ခံစားရတဲ့ အပိုင်းပေါ့။

မေး။ ။ ဒီလို ရေကို ခွက်ချိန်နဲ့ ချိုးရတဲ့ ပြဿနာက အခုထက်ထိကို ရှိနေတုန်းပဲပေါ့နော်။

ဖြေ။ ။ ရှိနေတယ်ဆိုတာက အကျဉ်းထောင်က တမင်သက်သက် ညစ်ပြီး လုပ်နေတာတော့ မဟုတ်ဘူး။ အရင်တုန်းကကျတော့ တမင်သက်သက်ကို ညစ်လုပ်တာ။ အကျဉ်းသားကို စိတ်ဒုက္ခရောက်အောင် တမင်ကို ဒီလောက်ပဲချိုး၊ ပြီးရင်ရပ် ဆိုတာ အရင်တုန်းက ကျော်ဟိန်းတောင် ရုပ်ရှင်ရိုက်ခဲ့ဖူးသေးတယ်။ အခုဟာကကျတော့ တမင်သက်သက် လုပ်တာ မဟုတ်ဘူး။ ဘယ်လိုမှကို ရေက မလောက်တော့တာလေ။ ရှိသမျှရေကို အဝချိုးဆိုလို့ရှိရင် နောက်လူက မချိုးရ ဖြစ်သွားမှာပေါ့။ အဲ့တော့ စကေးနဲ့ ဖြစ်သွားတော့တာပေါ့။

မေး။ ။ ဒီအနေအထားက အကျဉ်းထောင် အားလုံးလိုလိုမှာ ဖြစ်နေတာလား။

ဖြေ။ ။ ရွှေဘိုထောင်မှာတော့ ဒီလို ခွက်ချိန်နဲ့ချိုးတာကို တွေ့ခဲ့ရတယ်။ ကျန်တဲ့ထောင်တွေမှာတော့ အဲ့လောက်အထိ မဆိုးလှဘူးဗျ။ သာယာဝတီထောင်တို့ဆိုရင် ရေကို အဝချိုးလို့ရတယ်။ တချို့ထောင်တွေဆိုရင် တနေကုန် ကြိုက်သလောက် ချိုးလို့ရတယ်။ ဒါကတော့ ဒေသန္တရ အခြေအနေအရပေါ့လေ။ အဝီစိတွင်းက စုပ်ရတယ်၊ လျှပ်စစ်မီးက ပြတ်တယ်၊ မော်တာက လောင်တယ် စသဖြင့် ပြဿနာပေါင်းစုံတွေ ရှိတာပေါ့ဗျာ။ အဲ့တော့ အကျဉ်းထောင်က တမင်သက်သက် စုပ်ပဲ့ပြီး လုပ်တာတော့ မဟုတ်ဘူး။ အခြေအနေကိုက သူတို့လည်း မတတ်နိုင်တဲ့ အခြေအနေ ရောက်နေတာ။ ဒါတောင် ဒီက ဝန်ကြီးချုပ်က ရေစည်တွေ၊ အဝီစိတွင်းတွေလှူတာ လုပ်ပေးတဲ့ ကြားထဲကကို မနိုင်မနင်းဖြစ်နေတာ။ လူက တအားများနေတာကိုး။

မေး။ ။ တခြားကော ဘာပြဿနာတွေ ရှိသေးလဲ။

ဖြေ။ ။ နောက်တစ်ခုက နိုင်ငံတော်အတွက်က ကြည့်မယ်ဆိုရင်တော့ ထောင်ထဲမှာ လူတွေ မလိုအပ်ဘဲ များနေတော့ ပိုက်ဆံတွေ တအားကုန်တာပေါ့။ တစ်နှစ်တစ်နှစ်ကို ၆ဘီလီယံ(တစ်ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)ကျော်လောက်က အသလွတ် ကုန်နေတာပေါ့။

မေး။ ။ ဆိုတော့ အကျဉ်းထောင်တွေ ထပ်ပြီးဆောက်သင့်တာမျိုးလား။ ဒါမှမဟုတ် မကျသင့်ဘဲ ကျနေရတဲ့သူတွေ။ လိုတာထက် ပိုကျနေတဲ့သူတွေကို လွတ်ငြိမ်းချမ်းသာနဲ့ လွတ်ပေးသင့်လား။ ဘယ်လိုမျိုး လုပ်သင့်လဲ ခင်ဗျ။

ဖြေ။ ။ အမှန်ကတော့ အကျဉ်းထောင်ထဲက အကျဉ်းသားကို လျှော့ချတာတော့ သဘာဝအကျဆုံးလို့ ကျွန်တော်တော့ ယူဆတာပေါ့လေ။

မေး။ ။ ဒီလို ကိစ္စတွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအရ အစိုးရကို တင်ပြထားတာ၊ အစီရင်ခံထားတာမျိုးတွေ လုပ်ထားတာ ရှိလား။

ဖြေ။ ။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် သောကြာနေ့(ဇန်နဝါရီ ၁၉ရက်)က နိုင်ငံတော်သမ္မတကြီးဆီကို တင်ပြထားတာ ရှိတယ်ဗျ။ အကျဉ်းသားတွေကို လျှော့ချဖို့နဲ့ ပတ်သက်တဲ့ စာတမ်းလေးတစ်ခု သုတေသနလုပ်ပြီး တင်ပြထားတာ ရှိတယ်။ အကျဉ်းသားတွေကို စတုတ်တိုက်ပြီး လျှော့တာမျိုး မဟုတ်ဘူးပေါ့ဗျာ။ ထောင်ထဲမှာ ဘယ်နှစ်နှစ်နေရင် အဲ့လူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဆိုရင် ဒုစရိုက်သားတွေ၊ ရာဇဝတ်သားတွေ၊ လူဆိုးတွေ လွတ်ကုန်မှာပေါ့နော်။ အဲ့လိုမဟုတ်ဘဲနဲ့ ကဏ္ဍအလိုက်ပေါ့။ မူးယစ်ဆေးဝါးဆိုရင် ဘယ်လိုလူမျိုးတွေကို လွတ်သင့်တယ်။ မလွတ်ခင်တော့ စိစစ်ရမှာပေါ့လေ။ တချို့ကျတော့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုပေါ့။ ဒါလေးတွေကို သုတေသနလုပ်ပြီးတော့မှ လေ့လာပြီးတော့မှ လွတ်သင့်တယ်။ နောက်ပြီးတော့ ထောင်ထဲမှာ သင်တန်းတွေဘာတွေ ပို့ချတာပေါ့။ အသက်မွေးမှုသင်တန်းတွေဘာတွေမှာ ထူးချွန်တဲ့သူတွေဆိုရင် လျှော့ရက်တွေ ပေးသင့်တယ်ပေါ့ဗျာ။ တစ်ခါထဲ လွတ်တာမဟုတ်ဘဲ လျှော့ရက်တွေ ပေးသင့်တယ်ပေါ့။ နောက်တစ်ခါ သက်ကြီးအကျဉ်းသားပေါ့။ ၇၀ကျော်၊ ၈၀ အဲ့လိုဖြစ်နေတဲ့ သက်ကြီးအကျဉ်းသားတွေကိုတော့ သေချာစိစစ်ပြီး ပြန်လွတ်သင့်တယ်ပေါ့လေ။ နောက် ဂီလာနပေါ့ဗျာ။ ကျန်းမာရေးမကောင်းဘဲ အိပ်ယာပေါ်မှာ ပက်လက်လှန်နေတဲ့သူတွေကို ဆိုလိုတာပေါ့။ သူကကျတော့ အချုပ်ထဲမှာလည်း သူက ဘာမှ မလုပ်နိုင်တော့ဘူးလေ။ သူ့ဘဝ နေဝင်ချိန်ဖြစ်ပြီဆိုမှတော့ မထူးပါဘူး။ မိသားစုဆီကို ခံဝန်ချက်နဲ့ ပြန်လွတ်လိုက်ပေါ့ဗျာ။ ကိုယ်က စေတနာနဲ့ သနားလို့ လွတ်လိုက်တယ်။ သူက အပြင်မှာ အကုသိုလ်ထပ်လုပ်တယ်ဆိုရင်တော့ အဲ့လူကို နှစ်ဆထပ်ချပေါ့။ လောလောဆယ်တော့ ထောင်ထဲကနေ ပြန်လွတ်လိုက်ခြင်းအားဖြင့် သူလည်း ကောင်းကောင်းမွန်မွန် ဆေးကုရမယ်။ မိသားစုလည်း သူ့ကို ပြုစုရမယ်ပေါ့ဗျာ။ ဒါက လူ့အခွင့်အရေးပဲလေ။ ဒါတွေကို စိစစ်ပြီးတော့ ပြန်လွတ်တာမျိုးပေါ့။ နောက်တစ်ခါ မူးယစ်ဆေးဝါးဆိုလည်း ကျွန်တော်တွေ့တာတော့ လေးငါးပြားမိလည်း ထောင် ၁၀နှစ်တို့၊ ၁၂နှစ်တို့ ကျတယ်ဗျာ။ ဝဒဿမ ၀၃ ဂရမ်လောက်မိလည်း ထောင် ၁၀နှစ်လောက် ချတယ်ဗျာ။ အဲ့လိုတွေ ဖြစ်နေတယ်။ အဲ့လိုတွေ ဖြစ်နေတော့ အပြား ၁၀၀၀၊ ၁၀၀၀၀ မိလည်း ထောင် ၁၀နှစ်ပဲဆိုတော့ ဒါလေးတွေတော့ ပြန်စိစစ်ဖို့လိုမယ်လို့ ထင်တာပဲ။ ဒါတွေကို စိစစ်ပြီး လျှော့ချလိုက်မယ်ဆိုရင်တော့ တော်တော်လေးကို လျော့သွားနိုင်တာပေါ့။

မေး။ ။ ဒီတင်ပြချက်နဲ့ ပတ်သက်လို့ သမ္မတဘက်က တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာပြီလား။

ဖြေ။ ။ အခုတော့ ပြန်ကြားလာတာ မရှိသေးဘူးဗျ။ သမ္မတကြီးက ကျွန်တော်တို့ တင်ပြီးတော့ သူလည်း ဆေးသွားကုရတာနဲ့ တိုက်ဆိုင်နေတော့ အဲ့ဒါတွေကို အခုမှ ဖတ်တုန်းပဲ ထင်ပါတယ်။ ဒီကိစ္စကလည်း သေချာလေး စဉ်းစဉ်းစားစားလုပ်ရမယ့်ကိစ္စဆိုတော့ ခုဖတ်၊ ခုအမိန့်ချတော့ မဖြစ်ဘူးထင်တယ်။ စဉ်းစားဖို့၊ တိုင်ပင်ဖို့ လိုဦးမှာပေါ့။

မေး။ ။ နောက်တစ်ခုက အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အခြေအနေကကော ထောင်ထဲမှာ ဘယ်လိုရှိလဲ။

ဖြေ။ ။ အကြမ်းဖျင်းအားဖြင့်ကတော့ မဆိုးလှပါဘူး။ အမျိုးသမီးတွေကိုလည်း ကျွန်တော်တို့က ကလေးနို့တိုက်တဲ့မိခင်တို့ဆိုရင် ဖြည့်စွက်အစာကျွေးဖို့တွေ ကျွန်တော်တို့ တောင်းဆိုတာ ရှိတယ်။ ဒါလေးတွေလည်း အကျဉ်းထောင်က လုပ်ပေးပါတယ်။ နောက်ပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဆိုလည်း အရင်တုန်းက မရခဲ့ဖူးဘူးလေ။ ဒီလိုပဲ သူတို့ခဗျာ ဖြစ်သလို နေကြရတာပေါ့။ ကျွန်တော်တို့က အမျိုးသမီးလစဉ်သုံးထုတ်ပေးသင့်တယ်ဆိုတာ နိုင်ငံတော်အစိုးရ ဘတ်ဂျက်ကနေ ထုတ်ပေးတဲ့ အခြေအနေမျိုး ရောက်လာပါပြီ။ နောက်ပြီးတော့ ကလေးတွေဆိုရင်လည်း မူကြိုကျောင်းကလေးတွေ၊ မူလတန်းကျောင်းကလေးတွေ ထားပေးဖို့ ထောင်တော်တော်များများမှာတော့ ဒါတွေ လုပ်လာကြပြီပေါ့လေ။ နောက်ပြီးတော့ ကလေးတွေအတွက် ကစားကွင်းလေးတွေ လုပ်ပေးဖို့၊ ဖြည့်စွက်အစားလေးတွေ ကလေးလေးတွေကို ကျွေးဖို့ ဒါလေးတွေလည်း လုပ်ထားတာ ရှိတော့ အရင်ကထက်စာရင်တော့ တော်တော်လေး တိုးတက်လာပါတယ်။ အားလုံးကောင်းသွားပြီလားဆိုတော့ ဒီလိုတော့လည်း မဟုတ်သေးဘူးပေါ့လေ။

မေး။ ။ ဟိုးအရင်တုန်းကတော့ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အများကြီးရှိတယ်လို့ ကျော်စောခဲ့တယ်လေ။ အခုလက်ထက်နဲ့ နှိုင်းယှဉ်ရင် ဘယ်လိုအနေအထားလို့ သုံးသပ်လို့ရမလဲ။

ဖြေ။ ။ အများကြီး တိုးတက်ပြောင်းလဲတာပေါ့ဗျာ။ Midset တွေကအစ ထောင်ဝန်ထမ်းတွေကို Awareness ပေါ့ဗျာ။ လူသားချင်းစာနာဖို့တွေ ကျွန်တော်တို့လည်း ရောက်တိုင်း ဟောပြောတာပေါ့။ အခုတော့ ဒါတွေ မလုပ်သင့်ဘူးဆိုတဲ့အမြင်က လူကြီးတွေကော၊ တာဝန်ရှိတဲ့သူတွေကော ခံယူလာကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ တော်တော်ကြီး သိသိသာသာ လျော့နည်းလာတာပေါ့ဗျာ။

 

Mizzima Weekly