မြန်မာနိုင်ငံအပေါ် ပဲတင်ပို့မှု ပိတ်ဆို့ကန့်သတ်ထားခြင်းကို အိန္ဒိယဘက်မှ ချက်ချင်းဖြေလျှော့ပေးရန် ဆွေးနွေး

မြန်မာနိုင်ငံအပေါ် ပဲတင်ပို့မှု ပိတ်ဆို့ကန့်သတ်ထားခြင်းကို အိန္ဒိယဘက်မှ ချက်ချင်းဖြေလျှော့ပေးရန် ဆွေးနွေး
ဓာတ်ပုံ - သန့်ဇင်ထွန်း

 

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ မဏိပူရ်ပြည်နယ်၊ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း၊ Sagaing Promoters Group တို့မှ ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၃၀ ရက်က မုံရွာတွင် တွေ့ဆုံစည်းဝေးခဲ့ပြီး မြန်မာနိုင်ငံအပေါ် ပဲတင်ပို့မှုပိတ်ဆို့ကန့်သတ်ထားခြင်းကို အိန္ဒိယဘက်မှ ချက်ချင်းဖြေလျှော့ပေးရေးအပါအဝင် နယ်စပ်ဖြတ်ကျော်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေးကို မဇ္ဈိမဖောင်ဒေးရှင်းမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအစိုးရနှင့် အိန္ဒိယ စီးပွားရေး အသိုက်အဝန်းတို့သည် မြန်မာအပါအဝင် အခြားသော အာဆီယံနိုင်ငံများနှင့်အကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အားထုတ်ကြိုးပမ်းနေလျက်ရှိပြီး  ယင်းလုပ်ဆောင်ချက်အားလုံးသည် အိန္ဒိယ၏ အရှေ့မျှော်ဝါဒကို အားပေးစေရန် ရည်ရွယ်ကြောင်း အစည်းအဝေးမှသိရသည်။

မုံရွာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီး တက်ရောက်လာသူများက အောက်ပါအချက်များကို ဆွေးနွေးခဲ့ကြသည်။

 ခရီးသွားလုပ်ငန်း

၁. အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစလုံးမှ ခရီးသွားများ အဆင်ပြေစွာ ဝင်ထွက်သွားလာနိုင်ရန်၊ ဆိုက်ရောက် ဗီဇာထောက်ပံ့မှုရုံးဌာနများကို အိန္ဒိယ Moreh နှင့် မြန်မာနိုင်ငံ တမူးတို့၌ အားချင်း ဖွင့်လှစ်ဆောင်ရွက်ပေးရန်။

၂. စစ်ကိုင်းတိုင်းဒေသကြီးနှင့် အနီးအနား ပြည်နယ်များတွင် နေထိုင်သူ ပြည်သူများအနေဖြင့် အများအားဖြင့် ဗုဒ္ဓဂါယာဘုရားဖူးသွားရောက်ရာတွင် ရန်ကုန်ကနေတဆင့် သွားရောက်ရသည့်အတွက် စရိတ်စက ကြီးမားနေလျက်ရှိသည်။ နယ်စပ်မှ ၁၁၀ ကီလိုသာ ကွာဝေးသည့် Imphal ( မဏိပူရ် ပြည်နယ်၏ မြို့တော်) တွင် ဗုဒ္ဓဘာသာဝင် ဘုရားဖူးများကို ဗုဒ္ဓဂါယာသို့ ပို့ဆောင်ပေးနိုင်မည့် နိုင်ငံတကာ လေဆိပ်တစ်ခုရှိနေသည်။

၃. နှစ်နိုင်ငံစလုံးမှ ခရီးသွားများကို ကူညီပေးနိုင်ရန်အတွက် Imphal ၊ တမူး၊ မန္တလေးတို့တွင် ခရီးသွားဧည့်သည် သတင်းအချက်အလက် စင်တာများ ရှိရမည်ဖြစ်သည်။

၄. Imphal မှ မန္တလေးသို့ တိုက်ရိုက် လေကြောင်းခရီးစဉ်တစ်ခု ပြေးဆွဲခြင်းဖြင့် ယင်းကနေတဆင့် ဘန်ကောက်၊ ချင်းမိုင်နှင့် ကူမင်းတို့ကိုပါ ထပ်မံချိတ်ဆက် ဆက်သွယ်ပေးနိုင်မည်ဖြစ်သည်။

၅. ကျန်းမာရေးနှင့်ပတ်သက်၍  မြန်မာ နယ်စပ်ဒေသများနေ ပြည်သူများအနေဖြင့်  ပတ်စပို့ မလို၊ အထူးစီစဉ်ပေးသည့် ဗီဇာဖြင့် မဏိပူရ်ရှိ ကျန်းမာရေးစင်တာများသို့ လာရောက်ပြသနိုင်သင့်သည်။ ကျေးရွာသူရွာသားအများစုမှာ ပတ်စ်ပို့ကိုင်ဆောင်ထားသူများ မဟုတ်ကြသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုမှာ လူသားပြဿနာတစ်ခု ဖြစ်သောကြောင့် ယင်းကို ချက်ချင်း ကိုင်တွယ်ဆောင်ရွက်သွားရမည်ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု

၁. လက်ရှိအချိန်တွင် Namphalong (တမူးမြို့) သု့ိမဟုတ် Moreh (အိန္ဒိယ) တို့ကိုဖြတ်ကာ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်နေသည့် တတိယနိုင်ငံထုတ် ကုန်ပစ္စည်းများကို တရားဝင်ဖြစ်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် ခွင့်ပြုချက် ထုတ်ပေးခြင်းတို့ ပြုလုပ်သင့်သည်။ Kolkata ၊ Chennai ၊ Mumbai တို့ကဲ့သို့ အိန္ဒိယမြို့များကို တင်ပို့ခွင့်ပြုသည့် အခြေခံအားဖြင့် တရုတ်ထုတ်ကုန်များဖြစ်သည့် ထုတ်ကုန်ပစ္စည်းအများစုကို Moreh (အိန္ဒိယ) သို့မဟုတ် တမူး (မြန်မာ) ကိုဖြတ်ကာ ကုန်းလမ်းကြောင်းကနေ ကုန်သွယ်ခွင့်ပြုသင့်သည်။

. တမူး/ Moreh တို့ကိုဖြတ်၍ Imphal  ၊ Guwahati နှင့် မန္တလေး၊  စစ်ကိုင်းတို့အကြား ယာဉ်နှင့် ထရပ်ကား အပြန်အလှန် သွားလာမှုများကို တရားဝင် ခွင့်ပြုပေးသင့်သည်။ ယင်းသို့ ခွင့်ပြုပေးခြင်းအားဖြင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်သကဲ့သို့၊ ခရီးသွားလာမှု ကြာချိန်၊ အခြား အဆင်မပြေမှုများကို ကူညီလျှော့ချပြေလည်သွားစေနိုင်သည်။

၃. နယ်စပ်မြို့ Moreh (အိန္ဒိယ) နှင့် တမူး (မြန်မာ) တို့တွင် ဆိုက်ရောက်ဗီဇာ ကဲ့သို့ အထောက်အပံ့ရုံးများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ လူဝင်မှု ရုံးများတွင် အင်္ဂလိပ်စကားပြော ဝန်ထမ်းများထားရှိခြင်း။

၄.တရုတ် Yunan ပြည်နယ်၊ မန္တလေး၊စစ်ကိုင်းနှင့် အိန္ဒိယအရှေ့မြောက်ဒေသတို့အနေဖြင့် တစ်စုတစ်စည်းတည်းသော စီးပွားရေးဇုန်အဖြစ် ဆောင်ရွက်သင့်သည်။

၅. မြန်မာနိုင်ငံမှ အိန္ဒိယသို့ တင်ပို့သည့် ပဲ အမျိုးအစား ပို့ကုန်သုံးမျိုးအပေါ် အိန္ဒိယ အစိုးရဘက်က ချမှတ်ထားသည့် ပိတ်ဆို့ကန့်သတ်ချက်ကို ချက်ချင်းဖြေလျှော့ပေးရန်လိုသည်။

၆. နယ်စပ်တစ်လျှောက် အိန္ဒိယဘက်က မြန်မာဆီကနေ ဝယ်ယူတင်သွင်းနေသည့် ကွမ်းသီးအပေါ် လက်ရှိ ၄၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ကင်းလွှတ်ပြေငြိမ်းခွင့် သို့မဟုတ် အခွန် ရာခိုင်နှုန်း လျှော့ချမှုများ လုပ်ဆောင်သင့်သည်။

၇. မြန်မာအနေဖြင့် အိန္ဒိယဆီကို ပဲအမျိုးမျိုး တင်ပို့နေသည်မှာ နှစ်ကာလကြာမြင့်နေပြီ ဖြစ်သည်။ ယင်းအတွက်ကြောင့် အခြားသော နိုင်ငံတစ်ချို့ (ဥပမာ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျ) တွင် ကျင့်သုံးနေသည့် ပုံမှန် အခွန်ကောက်ခံမှု ပုံစံအပေါ် အခြေခံ၍ အိန္ဒိယအစိုးရဘက်က ခွင့်ပြုလုပ်ဆောင်ပေးရေး မြန်မာအစိုးရဘက်က တောင်းဆိုပေးဖို့ မိမိတို့ ပန်ကြားလိုသည်။

၈. နှစ်ဘက် ဗဟိုအစိုးရများထံမှ တင်ပြချက်များကို နှစ်နှစ်တစ်ကြိမ်ကျင်းပမည့် အနာဂတ် စီးပွားရေး အစည်းအဝေးများတွင် ထည့်သွင်းသွားသင့်သည်။

၉. နှစ်နိုင်ငံစလုံးအနေဖြင့် ဆေးဝါးကဲ့သို့ ပစ္စည်းများ လေကြောင်းကုန်စည်ပို့ဆောင်မှုအတွက်  အထူးနှုန်းထားများ သတ်မှတ်လုပ်ဆောင်သွားနိုင်သည်။

၁၀. မိမိတို့ ( နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းများ) အနေဖြင့် မန္တလေး သို့မဟုတ် စစ်ကိုင်း ရှိ စက်မှုဇုန် (အသေးစားနှင့်အလတ်စား) များတွင် ရင်းနှီးမြုှပ်နှံမှုများ လုပ်ဆောင်နိုင်မည့် အလားအလာများကို စိတ်ဝင်စားသည်။

၁၁. အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထူးရည်မှန်းချက်ထား လုပ်ဆောင်ရန်။  SMEs (မြန်မာဘက်ခြမ်း) များကို မြှင့်တင်အားပေးဆောင်ရွက်ရေးဆိုင်ရာ သတင်းအချက်အလက်များကို အိန္ဒိယ ( နှင့် မဏိပူရ်ပြည်နယ်) တို့ထံ ဝေမျှပေးသင့်သည်။ ယင်းမှသာလည်း အိန္ဒိယရှိ မဏိပူရ်နှင့် အခြားသော ပြည်နယ်များသည်လည်း ယင်းကဲ့သို့ လုပ်ဆောင်ချက်များတွင် ပါဝင်ပူးပေါင်းနိုင်မည်ဖြစ်သည်။ MRCCI နှင့် SRCCI ဝက်ဆိုဒ်များတွင်လည်း သတင်းအချက်အလက်များကို update လုပ်ပေးရမည်ဖြစ်သည်။ MRCCI ၊ SRCCI နှင့် IMCC တို့အကြား MoU လက်မှတ်ရေးထိုးနိုင်မည့် အလားအလာများကို ဆက်လက်ရှာဖွေလုပ်ဆောင်သွားရမည်ဖြစ်သည်။

၁၂. မြန်မာအစိုးရအနေဖြင့် ကုန်သွယ်မှု၊ စီးပွားရေးနှင့် အခွန်ကောက်ခံမှုဆိုင်ရာ မူဝါဒများကို ရှင်းရှင်းလင်းလင်း ရှိအောင် လုပ်ဆောင်ထားရန် မိမိတို့ အကြံပြုလိုသည်။

ကျန်းမာရေးကဏ္ဍ

၁.  ဆေးဝါးကုသမှုဆိုင်ရာခရီးသွားလာမှုလုပ်ငန်းသည် စီးပွားရေးအတွက် အထူးကောင်းမွန်လှသော်လည်း ယင်းအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် လိုအပ်သည်။ မန္တလေးမှ Imphal သို့ နေ့စဉ် တိုက်ရိုက် လေကြောင်းခရီးစဉ်တစ်ခု ရှိရန်လိုသည်။

၂. နှစ်ဘက်စလုံးအတွက် ( တမူးနှင့် Moreh) တို့တွင် ဆိုက်ရောက်ဗီဇာများ ရရှိရန် လိုသည်။ သို့မှသာ မြန်မာဘက်ခြမ်းနှင့် Imphal အကြား နှစ်ဘက်ပြည်သူများ အလွယ်တကူ အပြန်အလှန်သွားလာနိုင်မည်ဖြစ်သည်။

၃. အိန္ဒိယအစိုးရ၏ အကူအညီဖြင့် သို့မဟုတ် PPP မှတဆင့် တမူးတွင် ဆေးရုံတစ်ရုံ ထူထောင်ခြင်းသည် ရွေးချယ်မှု နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။

၄. မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကိုလည်း Imphal ရှိ SHIJA ဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသမှုခံယူနိုင်သည်။ (ခရီးသွားလာမှု ကုန်ကျစရိတ်ပိုင်းတွင်လည်း အတိုင်းအတာတစ်ရပ်ဖြင့် ထောက်ပံ့ပေးသည်)

၅. မဏိပူရ်ရှိ SHIJA ဆေးရုံသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ မျက်မမြင်လူဦးရေ တစ်သိန်းအတွက် မျက်စိအတွင်းတိမ် ခွဲစိတ်မှုခံယူရန် ထောက်ပံ့ကြေးပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ( ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်း အောက်)

၆. မဏိပူရ် ပြည်နယ် သည် သူနာပြုနှင့်ဆေးဘက်အကူသင်တန်းများ၊ ဓာတ်ခွဲခန်းကျွမ်းကျင် လေ့ကျင့်သင်ကြားပေးမှုများအတွက် ထင်ရှားသည်။ မြန်မာဘက်မှ လိုအပ်လာပါက ဆေးဝါးပြုစုစောင့်ရှောက်မှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုအထောက်အပံ့များ မဏိပူရ်ဘက်က ပံ့ပိုးပေးနိုင်သည်။

မီဒီယာ

၁. မြန်မာနှင့်အိန္ဒိယအကြား ဂျာနယ်လစ်များ၊ အယ်ဒီတာများ၊ အခြားမီဒီယာပုဂ္ဂိုလ်များအတွက် ဘုံ ပလက်ဖောင်းတစ်ခု ထူထောင်ရန် လိုသည်။ ( နှစ်နိုင်ငံ သဘောတူညီချက် ၁၁ ချက်အပေါ် အခြေခံ၍)

၂. မီဒီယာနှင့် ဆက်နွယ်သည့် ပစ္စည်းများ ( သတင်းစာ စက္ကူ၊ စာရွက်၊ ပုံနှိပ်စက်၊ မင်၊ အီလက်ထရောနစ် ပစ္စည်းများ နှင့်အခြားပစ္စည်းများကို နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုတွင် ထည့်သွင်းရန်။

၃. နှစ်နိုင်ငံ ဂျာနယ်လစ်များအကြား ပုံမှန် ဆက်သွယ်ဆောင်ရွက်မှုကို ပုံမှန် ပရိုဂရမ်တစ်ခုအဖြစ် ထူထောင်သင့်သည်။

၄. လူထု ဆက်သွယ်ရေးနှင့် ဂျာနယ်လစ်ဇင် ထရိန်နာများ၊ ပရော်ဖက်ရှင်နယ်များအတွက် အပြန်အလှန် ဖလှယ်ရေး ပရိုဂရမ် ဆောင်ရွက်သင့်သည်။

အခြား

၁. မြန်မာဘက်က လိုအပ်လာပါက နည်းပညာနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး သင်တန်းများကို မဏိပူရ်အစိုးရက ပံ့ပိုးပေးနိုင်သည်။

၂ မန္တလေး၊ မုံရွာနှင့် မဏိပူရ် တို့ရှိ တက္ကသိုလ်များအကြား ပုံမှန် အပြန်အလှန် ဖလှယ်ရေး ပရိုဂရမ်များ ဖော်ဆောင်ရန် ထည့်သွင်းစဉ်းစားသင့်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required