မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရ

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရ

 

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ။           ။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ အဝင်တွင် သတ်ဖြတ်ခံခဲ့ရပြီး အမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"အခုလက်ရှိအချိန်ကတော့ စုံစမ်းဆဲပါပဲ။ အခင်းဖြစ်တဲ့အချိန်မှာ ကားပေါ်မှာ သုံးယောက်ပါတယ်လို့တော့ သိရတယ်။ ဘေးကရွာသားတွေပြောတာပေါ့နော်" ဟု ဦးတင်မောင်ဆွေကဆိုသည်။

 သေဆုံးသူဖြစ်သည့် ဦးဘိုဘိုမင်းသိုက်သည် မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရာထူးမှာ ရခိုင်ပြည်နယ်ရုံး လက်ထောက်ညွှန်ကြားရေးမှူး အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ က ပြောင်းရွေ့တာဝန်ပေးခြင်းခံထားရသူဖြစ်သည်။

မြောက်ဦးမြို့၌ လုပ်ငန်းတာဝန်များ လွှဲပြောင်းပြီး ရခိုင်ပြည်နယ်ရုံးသို့ တာဝန်ထမ်းဆောင်ရန် ပြောင်းရွေ့လာစဉ် ပုဏ္ဏားကျွန်းမြို့အဝင် ကျောက်ဆိပ်ကျေးရွာအနီးမှာ အသတ်ခံခဲ့ခြင်းဖြစ်ပြီး ဦးဘိုဘိုမင်းသိုက်၏ အလောင်းအား စစ်တွေဆေးရုံကြီးသို့ သယ်ဆောင်လာခဲ့သည်ဟု သိရသည်။

 ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့နယ် ပဋိပက္ခဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် လူ ၇ဦးသေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်၌ ဦးဘိုဘိုမင်းသိုက်သည်   မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးနေရာတွင် တာဝန်ယူထားသူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required