လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ချက်

လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ချက်

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လိင်ဆက်ဆံခြင်းက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေဆိုတာ အိပ်ယာထဲမှာပဲ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ ခံစားလို့ကောင်းရုံသာ မဟုတ်ဘဲ သင်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးရှိနိုင်ပါတယ်။ ဒီနေရာမှာ “နိုင် ” ဆိုတဲ့စကားလုံးလေးကို ကျွန်တော် သုံးသွားတာ သတိထားပေးပါ။ “ နိုင်”  ဆိုတဲ့ စကားလုံးကိုသုံးရတာတော့ တန်ဆေးလွန်ဘေးဆိုတဲ့သဘောကို သတိမထားမိဘဲ လုပ်ဆောင်နေမိမှာစိုးရိမ်လို့ပါ။ အခု ဒီစာလေးထဲမှာတော့ Hello Sayarwon ကိုဖတ်ရှုအားပေးနေကြတဲ့ ကျန်းမာရေးချစ်မြတ်နိုးသူ စာဖတ်သူများအတွက် သင့်တင့်မျှတတဲ့ လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးကျေးဇူး သက်ရောက်နိုင်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို အမြဲတမ်း တက်ကြွနေစေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာပုံမှန်ဖြစ်နေတဲ့သူတွေဟာ သိပ်မဖျားကြပါဘူး။ ” လို့ လိင်ကျန်းမာရေးဆိုင်ရာ PHD ဆရာဝန်ဖြစ်သူ ယိုန်ကေဖူလ်ဘရိုက် (Yvonne K. Fulbright) က ဆိုပါတယ်။ လိင်မှုကိစ္စတွေပုံမှန်လုပ်ဖြစ်နေသူတစ်ယောက်ဟာ ရောဂါပိုးမွှားနဲ့ ဗိုင်းရပ်စ်တွေကို ခုခံပေးတဲ့ ကိုယ်ခံအားစနစ်မြင့်မားကြောင်းတွေရှိရပါတယ်။ အမေရိကန်၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဝီကီစ် တက္ကသိုလ် (Wilkes University)က လေ့လာသူတွေဟာ တစ်ပတ်မှာ လိင်ကိစ္စ တစ်ကြိမ်နဲ့နှစ်ကြိမ် ခန့် ရှိတဲ့ ကောလိပ်ကျောင်းသားများဟာ တစ်ခါတစ်ရံမှ လိင်မှုကိစ္စလုပ်တဲ့ ကောလိပ်ကျောင်းသားတွေထက် ရောဂါကိုကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေ ပိုများကြောင်းတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အရာတွေထဲမှာ လိင်မှုကိစ္စတစ်ခုတည်း မဟုတ်ပါဘူး။ မိတ်ဆွေအနေနဲ့ ကိုယ်ခံအားစနစ်မြင့်မားဖို့အတွက် အစားပုံမှန်စားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ကာကွယ်ဆေးများကို ပုံမှန်မှီဝဲခြင်း တို့ကို ပြုလုပ်နိုင်တယ်။

၂။ သင့်ရဲ့ လိင်စိတ်ဆန္ဒတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

လိင်မှုကိစ္စ ဆန္ဒတွေအမြဲမြှင့်တင်ချင်ပါသလား။ လိင်မှုကိစ္စပုံမှန်ရှိနေခြင်းဟာ လိင်ကိစ္စအထိအတွေ့တွေကိုပိုမိုကောင်းမွန်စေပြီး သင်ရဲ့ရာဂစိတ်ကို တိုးမြှင့်စေနိုင်ပါတယ်။ “ လို့အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ် ဖိမ်းဘာဂျ် (University’s Feinberg School of Medicine) ဆေးတက္ကသိုလ်မှ သားဖွားမီးယပ် ဆရာဝန်ဖြစ်သူ လော်ရင်း စထရစ်ချာ (Lauren Streicher) ကဆိုပါတယ်။ မိန်းကလေးတွေမှာဆို လိင်ကိစ္စပုံမှန်ရှိနေခြင်းဟာ သားအိမ်အကျိအချွဲများပိုထွက်ခြင်း၊ သွေးလည်ပတ်မှု အားကောင်းခြင်းနဲ့ ကလေးမွေးရလွယ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ အမျိုးသမီးဆီးအိမ် ကျန်းမာရေးကောင်းမွန်စေနိုင်တယ်။

ကျန်းမာတဲ့ တင်ပါးဆုံရိုးများရှိခြင်းက ဆီးမထိန်းနိုင်တဲ့ ရောဂါဖြစ်ပွားခြင်းကို လျှော့ပါးစေနိုင်ပါတယ်။ ဒီကျန်းမာရေးက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်ရလာရင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းခန့်ဟာ ဒီရောဂါ ဝေဒနာကို ခံစားတတ်ကြလို့ပါ။ ကျန်းမာရေးနဲ့ သင့်လျော်တဲ့ လိင်မှုကိစ္စရှိခြင်းဟာ အမျိုးသမီးတွေရဲ့ တင်ပါးဆုံကြွက်သားကျန်းမာရေး လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ ကိုယ်လက်နှီးနှောရာမှာ အထွတ်အထိပ်ရောက်တဲ့ အချိန်ကျရင် ဒီတင်ပါးဆုံ ကြွက်သားများကို ချုံလိုက်တာကြောင့် ဒီကြွက်သားတွေကို သန်မာစေပါတယ်။

၄။ သွေးဖိအားကို လျော့ကျစေပါတယ်။

လိင်မှုကိစ္စနဲ့ သွေးဖိအားလျော့ကျခြင်းကြားမှာ ဆက်နွယ်မှုတစ်ခုရှိနေကြောင်း Amai Wellness ဆေးပညာစင်တာရဲ့ CEO နဲ့ တည်ထောင်သူ ဂျိုးဆက် ဂျေ ပင်ဇုံ (Joseph J. Pinzone) ကဆိုပါတယ်။ “ ဒီဆက်သွယ်ချက်နဲ့ ပတ်သတ်ပြီး လေ့လာမှုအများကြီးရှိပါတယ်။ မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ လိင်ကိစ္စဟာ systolic သွေးဖိအားလို့ခေါ်တဲ့ နှလုံးအပြင်ထွက်တဲ့ သွေးကြောဖိအားကို လျော့နည်းစေကြောင်းတွေ့ခဲ့ရပါတယ်။ ဒါဟာ သွေးဖိအားနဲ့ လိင်မှုကိစ္စကြားက ဆက်သွယ်ချက်ကို ပထမဆုံးတွေ့ရှိခဲ့ရတာပါပဲ။”

၅။ လေ့ကျင့်ခန်းတစ်ခုလို အကျိုးကျေးဇူးခံစားရနိုင်ပါတယ်။

“လိင်မှုကိစ္စဆိုတဲ့ လေ့ကျင့်ခန်းတစ်ခုလိုပါပဲ ” လို့ ပင်ဇုံက ဆိုပြန်ပါတယ်။ လိင်မှုကိစ္စက Gym ကိုသွားကစားသလောက်တော့ ကျန်းမာရေးကောင်းကျိုးမပေးနိုင်ပေမဲ့ သူကလည်း လေ့ကျင့်ခန်းတစ်ခုလိုပါပဲ။ လိင်မှုကိစ္စ ပြုလုပ်ချိန်မှာ ခန္ဓာကိုယ်ဟာ တစ်မိနစ်ကို ၅ ကယ်လိုရီလောင် ကျွမ်းနေပြီး ဒါဟာ TV ကြည့်တဲ့အချိန်ကယ်လိုရီလောင်ကျွမ်းမှုထက် ၄ ကယ်လိုရီပိုများပါတယ်။ လိင်မှုကိစ္စပြုလုပ်နေချိန်ဆိုရင် နှလုံးခုန်နှုန်းမြန်လာပြီး ခန္ဓာကိုယ်က ကြွက်သားအမျိုးမျိုးကို အသုံးပြုရပါတယ်။ “လေ့ကျင့်ခန်းပြုလုပ်သလိုပါပဲ။ ပုံမှန် ပြုလုပ်မယ်ဆိုရင် အကျိုးကျေးဇူးကို ပိုမိုခံစားရမှာပါ” လို့ ပင်ဇုံက ဆိုပါသေးတယ်။

၆။ နှလုံးဖောက်ပြန်မှု (Heart Attack) ဖြစ်နိုင်ချေနည်းစေပါတယ်။

သင့်တင့်တဲ့ လိင်မှုကိစ္စရှိခြင်းဟာ သင်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ လိင်မှုကိစ္စဟာ သင်ရဲ့ နှလုံးခုန်နှုန်းကို တိုးမြှင့်စေရုံသာမကဘဲ အီစထရိုဂျင်(estrogen) နဲ့ တက်စထရို စတီရုန်း (testosterone) ဟော်မုန်းတွေကို မျှခြေတစ်ခုမှ ထိန်းပေးထားနိုင်ပါတယ်။ ဒီဟော်မုန်း ၂ ခုထဲက ၁ ခုနည်းလာတဲ့အခါ ခန္ဓာကိုယ်မှာ အရိုးပွရောဂါတွေ ဖြစ်ပွားနိုင်ပြီး နှလုံးရောဂါအထိတောင် ဖြစ်ပွားစေနိုင်ပါတယ်။ လေ့လာချက် တစ်ခုအရတော့ တစ်ပတ်ကို ၂ ကြိမ် လိင်ဆက်ဆံတဲ့ ယောက်ျားလေးတွေဟာ တစ်ခါတစ်ရံမှ လိင်ဆက်ဆံတဲ့ ယောက်ကျားလေးတွေထက် နှလုံးရောဂါ ဖြစ်ပွားမှု တစ်ဝက်ခန့် လျော့နည်းကြောင်းတွေ့ရှိရပါတယ်။

၇။ နာကျင်မှုကို လျော့ပါးစေနိုင်ပါတယ်။

ကိုယ်လက်နှီးနှောချိန်မှာ အထွတ်အထိပ်ရောက်တဲ့ ခံစားချက်က အကိုက်အခဲဖျားနာပျောက်ဆေးနီးပါး  နာကျင်မှုတွေကို လျော့ပါးစေနိုင်ပါတယ်။ “ ကိုယ်လက်နှီးနှောချိန် အထွတ်အထိပ်ရောက်တဲ့ ခံစားချက်က နာကျင်မှုတွေကို ပိတ်ဆို့နိုင်ပါတယ် ” လို့ နယူးဂျာဆီပြည်နယ်ရှိ နာမည်ကျော် ရတ်ဂျာ တက္ကသိုလ်မှာ PHD ဘွဲ့ရ ပါမောက္ခဖြစ်သူ ဘယ်ရီ အာ ကိုမီဆာရခ် (Barry R. Komisaruk) က ဆိုပါတယ်။ ဒီခံစားချက်ဟာ နာကျင်ခြင်းကို ခုခံပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ လိင်အင်္ဂါလှုံဆော်ခြင်း ဟာလည်း အထွတ်အထိပ်ရောက်သလို နာကျင်မှုကိုလျော့ကျပေးနိုင်ပြီး “ လိင်အင်္ဂါလှုံဆော်ခြင်းဟာ ခါးကျောများနာကျင်ခြင်းနဲ့ ခြေထောက်နာကျင်ခြင်းတွေကို လျော့ကျစေနိုင်ပြီး၊ အမျိုးသမီးအများစုကတော့ ကိုယ့်ဘာသာ လိင်အင်္ဂါလှုံဆော်ခြင်း( အာသာဖြေခြင်း) ဟာ ရာသီလာချိန် နာကျင်ခြင်း၊ အဆစ်ယောင်နာကျင်ခြင်း နဲ့ ခေါင်းကိုက်တာကိုတောင် ပျောက်ကင်းစေတယ်လို့ ကျွန်တော်တို့ကို လာပြောကြပါတယ် ” လို့ ကိုမီဆာရခ် ကဆိုပါတယ်။

၈။ သုတ်ရည်ဂလင်းကင်ဆာ (ပရောစတိတ်ကင်ဆာ) ဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။

လိင်ဆက်ဆံခြင်းဟာ ပရော့စတိတ်ကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။ မကြာခဏ သုတ်လွှတ်တဲ့ အမျိုးသားများ (အနည်းဆုံး တစ်လကို ၂၁ ကြိမ်ခန့် ) ဟာ ပရောစတိတ်ကင်ဆာဖြစ်ပွားနှုန်းနည်းပါးတယ်လို့ အမေရိကန် ဆေးပညာအဖွဲ့အစည်းဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။ ဒီအကျိုးကျေးဇူးကို ခံစားရဖို့ သင့်အနေနဲ့ လိင်ဆက်ဆံဖော်မလိုပါဘူး။ အဖော်နဲ့ လိင်ဆက်ဆံခြင်း၊ ညအချိန်သုတ်ထွက်ခြင်းနဲ့ အာသာဖြေခြင်းတို့ အားလုံးနဲ့ ဒီအကျိုးကျေးဇူးကို ခံစားရနိုင်ပါတယ်။

၉။ ကောင်းကောင်းအိပ်ပျော်စေပါတယ်။

လိင်မှုကိစ္စပြီးသွားတဲ့အခါမှာ လူအများစုက အိပ်ချင်ကြပါတယ်။ ဒါကလည်းအကြောင်းရှိပါတယ်။ “ အထွတ်အထိပ်ရောက်ပြီးတဲ့အခါ ပစ်ကျူထရီ ဂလင်းရဲ အရှေ့ဘက်ခြမ်းက ပရိုတင်းဟော်မုန်းတစ်မျိုးဖြစ်တဲ့ Prolactin ထွက်လာပါတယ်။ Prolactin ဟော်မုန်းဟာ စိတ်သက်တောင့်သက်သာဖြစ်ခြင်းနဲ့ အိပ်စက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။” လို့ ကယ်လီဖိုးနီးယားပြည်နယ် အနောက်ဟောလိဝုဒ်က စိတ်ရောဂါကု ဆရာဝန်ဖြစ်သူ ရှီးနီး အမ်ဘာဒါ (Sheenie Ambardar) ကဆိုပါတယ်။

၁၀။ စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်ပါတယ်။

ကိုယ်ရဲ့ လက်တွဲဖော်နဲ့နီးကပ်နေတဲ့အခါ စိတ်ဖိစီးမှုနဲ့ သောကတွေကိုလျော့ပါးစေပါတယ်။ ရှီးနီး အမ်ဘာဒါ ကတော့ အထိအတွေ့နဲ့ ပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပျော်ရွှင်ခြင်းကို   ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်ရှိစေတယ် လို့ဆိုပါတယ်။ လိင်မှုကိစ္စရာဂတက်ကြွခြင်းဟာ ဦးနှောက် ကို ပျော်ရွှင်စေနိုင်တဲ့ ဦးနှောက်ဓာတု တစ်မျိုးကို အရှိန်မြှင့်တင်ပေးနိုင်ပါတယ်။ လိင်မှုကိစ္စဟာ မိမိကိုယ်ကို တန်ဖိုးထားခြင်းနဲ့ ပျော်ရွှင်မှုကိုမြှင့်တင်ပေးနိုင်တာကြောင့် အမ်ဘာဒါကတော့ လိင်မှုကိစ္စဟာ ပျော်ရွှင်ဖွယ် ဘဝတစ်ခုအတွက် လိုအပ်တဲ့ အရာတစ်ခုသာ မဟုတ်ပဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required