ပီကေးကို ၂၀၂၂ ခုနှစ်အထိ ဘာစီလိုနာအသင်း စာချုပ်သက်တမ်းတိုး

ပီကေးကို ၂၀၂၂ ခုနှစ်အထိ ဘာစီလိုနာအသင်း စာချုပ်သက်တမ်းတိုး

 

ဇန်နဝါရီ ၃၀၊ စပိန် ။             ။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့အဓိက နောက်ခံကစားသမား ပီကေးကို ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ပါတယ်။

ပီကေးဟာ လက်ရှိမှာအသက် ၃၀ အရွယ်ရှိနေပြီဖြစ်လို့ ဘာစီလိုနာအသင်းမှာ အသက် ၃၅ နှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

“စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဘာစီလိုနာအသင်းဆိုတာ ကျွန်တော့်ရဲ့အိမ်ပါ။ ကျွန်တော်ဒီကိုပြန်ရောက်လာကတည်းက ဒီမှာပဲ ကစားသမားဘဝကုန်တဲ့အချိန်အထိ ကစားသွားသွားဖို့ ရည်မှန်းထားတာပါ။ ကျွန်တော့်ကို အသင်းမှာ ဆက်ရှိနေခွင့်ရအောင် ပြုလုပ်ပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”  လို့ ပီကေးက ဆိုပါတယ်။

ပီကေးဟာ ဘာစီလိုနာအကယ်ဒမီထွက် ကစားသမားဖြစ်ပေမယ့် မန်ယူနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကမှ မန်ယူကနေ ဘာစီလိုနာကို ပြန်ရောက်လာခဲ့ပြီး ထိပ်တန်းခြေစွမ်းရရှိလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ လာလီဂါဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးအပါအဝင် ဆုဖလားပေါင်း ၂၅ ခုအထိ ရယူနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက စပိန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ယူရိုဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။

“ဘာစီလိုနာဂျာစီနဲ့ပဲ ကိုယ့်ကိုကိုယ် မြင်ယောင်ကြည့်လို့ရပါတယ်။ တကယ်လို့ စာချုပ်သက်တမ်းသာ မတိုးတော့ဘူးဆိုရင် ဘောလုံးကစားတာကိုရပ်လိုက်မှာပါ။ ကျွန်တော်ဘာစီလိုနာအတွက်ပဲ ဘောလုံးကစားပါတယ်” လို့ ပီကေးက ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း အက်ဖ်စီဘာစီလိုနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly