သာသနာသန့်ရှင်းရေးအတွက် နေ့စဉ်အရေးယူဆောင်ရွက်နေဟု သာသနာရေးဝန်ကြီးပြော

သာသနာသန့်ရှင်းရေးအတွက် နေ့စဉ်အရေးယူဆောင်ရွက်နေဟု သာသနာရေးဝန်ကြီးပြော
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

ဇန်နဝါရီ ၃၀ ။                      ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် သာသနာသန့်ရှင်းရေးအတွက် နေ့စဉ် အရေးယူဆောင် ရွက်မှုများ ပြုလုပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ သာသနာသန့်ရှင်းရေးက အခုလည်း လုပ်နေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ နေ့စဉ် ဝိနည်း ချိုးဖောက်တဲ့ ရဟန်းတော်များ၊ တခြားလူမှုရေးစည်းကမ်းဖောက်ဖျက်တဲ့ ရဟန်းတော်များကို နေ့စဉ်နေ့စဉ် အရေးယူမှုတွေ ရှိနေပါတယ်လို့ ပြောကြားချင်ပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန် တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီး၌ (ပထမနေ့)အဖြစ် ကျင်းပခဲ့သည့် အကြိမ်၂၀မြောက် ဗုဒ္ဓသာသနာ တော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချို့ရဟန်းတော်များသည် သာသနာ့အရေခြုံကာ စည်းကမ်းဖောက်ဖျက်မှုရှိကြောင်းလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ တစ်ချို့ကလည်း သာသနာရဲ့ အရေကို ခြုံပြီးမှ သာသနာရဲ့အကာကွယ် ယူပြီးမှ လူမှုပတ်ဝန်းကျင်နယ်ထဲမှာ အမြင်မတော်တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေ၊ ပြစ်မှုကျူးလွန်တာတွေ ရှိတယ်ဆိုတာ ဝန်ခံရမှာပါ။ အခြားသော ဘာသာများမှာလည်း မကင်းကြပါဘူး။ ဒါကြောင့် ဗုဒ္ဓသာသနာတည်တံ့ဖို့ နှစ်ပေါင်း ၅၀၀၀ ထက်မက ကြာအောင် သန့်သန့်ရှင်းရှင်းနဲ့ တည်ဆောက်ဖို့က အဓိက ဖြစ်ပါတယ်။ မသန့်မရှင်းနဲ့ တည်တံ့မယ်ဆိုရင် ကျွန်တော်တို့ မြတ်ဗုဒ္ဓထားခဲ့တဲ့ စေတနာဆန္ဒနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး။ သံဃာ့အဖွဲ့အစည်းအသီးသီးက ဦးဆောင်ဆရာတော်ဘုရားကြီးများရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီမှာမဟုတ်ပါဘူး ။ ဒါကြောင့်မို့ နေရာတိုင်းမှာ စုန်းပြူးဆိုတာ ရှိတတ်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် သာသနာသန့်ရှင်းရေးနှင့်ပတ်သက်ပြီး မြို့နယ်သံဃစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ပြည်နယ်နှင့် တိုင်း သံဃစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဗဟို သံဃစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ၁၉၈၀ တွင် ကျင်းပခဲ့သော ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲမှ ချမှတ်ထားသော ဝိနည်းအချက်များနှင့် သံဃ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကိုင်တွယ်ဆောင်ရွက်နေကြကြောင်း သိရသည်။

ထိုသု့ိအရေးယူဆောင်ရွက်နေသော်လည်း အဆိုပါကိစ္စများကို လျစ်လျူရှုထားသည်ဟု ပြောဆိုမှုများရှိနေ ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

“ ရဟန်းတော်တစ်ပါး ပြစ်မှုကျူးလွန်လို့ အရေးယူတဲ့ အဆင့်ဆင့်တွေက သံဃအဖွဲ့အစည်းနဲ့ နယ်ဘက် တရားရုံး တွေ ဖြစ်ပါတယ်။ ၂ ဆင့် ဖြစ်ပါတယ်။ အချိန်ယူရပါတယ်။ ဒါကို နားလည်သဘောမပေါက်တဲ့ ပုဂ္ဂိုလ်တွေက ပြစ်မှုကျူးလွန်တဲ့ ရဟန်းတွေကို မျက်ကွယ်ပြုထားတယ်။ လျစ်လျူရှုထားတယ်လို့ မြင်ကြပါတယ်။ အမှန်က မဟုတ်ပါဘူး ။ အဆင့်ဆင့် စီစစ်ပြီးလို့ သေချာမှ အရေးယူတာ ဖြစ်ပါတယ်။ ဘာပြောပြော ရဟန်းဘ၀ ရောက်ဖို့ဆိုတာ တော်ရုံတန်ရုံပဋ္ဌာန်းဆက်နဲ့ ၊ ပါရမီနဲ့ မဖြစ်ပါဘူး။ ကိုယ်တိုင် တစ်ပတ်၊ ၉ ရက် ဝတ်ကြည့်လိုက်ရင် သိသာပါတယ်” ဟု သာသာနာရေးဝန်ကြီးက ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်သမ္မတကြီး ကိုယ်စား၊ သာသနာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးရာ   လျှောက်ထား လွှာကို လျှောက်ထားခဲ့သည်။ရန်ကုန်တိုင်း ဒေသကြီး၊အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က လည်းသာသနာရေးဆိုင်ရာ လျှောက်ထားလွှာကို လျှောက်တင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required